အိန္ဒိယနိုင်ငံက ပထမဆုံးသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားပြေးဆွဲ
18 Jul
အိန္ဒိယနိုင်ငံသည် မီးရထားပို့ဆောင်ရေးကဏ္ဍတွင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုနေရမှုများကို ဖြတ်တောက်ရန်ရည်ရွယ်၍ ပထမဆုံးသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားကို ဇူလိုင်လ ၁၇ ရက်တွင် စတင်ပြေးဆွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာရီ ယာနာပြည်နယ်ရှိ ဂျင်နှင့်ဆိုနီပတ်မြို့တို့အကြား ၈၉ ကီလိုမီတာရှည်လျားသောခရီးစဉ်တွင် တွဲဆိုင်း ၁၀ ဆိုင်း ပါဝင်သည့် အဆိုပါရထားကို စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် စွမ်းအင်ပမာဏ ၁,၂၀၀ ကီလိုဝပ်ရှိ ဟိုက်ဒရိုဂျင် လောင်စာစနစ်ကိုတပ်ဆင်အသုံးပြုထားသည်။ ထိုစနစ်သည် မီးရထားလုပ်ငန်းနယ်ပယ်၌ ကမ္ဘာပေါ်တွင် စွမ်းအားအကောင်းဆုံးစနစ်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောထားသည်။ ဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင်တို့ကိုပေါင်းစပ်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဖြစ်သောကြောင့် ၎င်းမှ ရေနှင့်ရေနွေးငွေ့များကိုသာ ထုတ်လွှတ်မည်ဖြစ်သည်။ ဤနည်းပညာသစ် စတင်နိုင်မှုသည် ကမ္ဘာ့အကြီးဆုံးမီးရထားကွန်ရက်တစ်ခုကို ခေတ်မီအောင် အဆင့်မြှင့်တင်ရင်း သန့်ရှင်းသော စွမ်းအင်သို့ ကူးပြောင်းနိုင်မည့် ခြေလှမ်းသစ်တစ်ခုလည်းဖြစ်ကြောင်း အဖွင့်ခရီးစဉ်ကိုအချက်ပြအလံပြကာ ဖွင့်လှစ်ပေးသည့် ဝန်ကြီးချုပ် မိုဒီကပြောသည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။ Website Link - https://starfmradio.live/news/18802/show