ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့
17 Jul
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အပါအဝင်နိုင်ငံပေါင်း ၂၉ နိုင်ငံ၏ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇူလိုင်လ ၁၆ ရက်က ကျင်းပခဲ့ပါတယ်။ အဆိုပါလက်မှတ်ရေးထိုးပွဲမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးရာ ဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ် များက သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။ ထိုအဖွဲ့အစည်း၏ဌာနချုပ်ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ အခြေစိုက်ဖွင့်လှစ်မည်ဖြစ်ကာအဖွဲ့အနေနဲ့ သီးခြားလွတ်လပ်သော အစိုးရချင်းဆက်နွှယ်သည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း”၏ရည်ရွယ်ချက်များကိုလိုက်နာပြီး အတူတကွတိုင်ပင်ဆွေးနွေးခြင်း၊ အတူတကွတည်ဆောက်ခြင်း၊ အတူတကွမျှဝေခံစားခြင်းဟူသော အယူအဆကို ကိုင်စွဲကာ ပြည်သူကို ဗဟိုပြုတဲ့ မူဝါဒကို လက်ကိုင်ထားကာ ဉာဏ်ရည်တု(AI)ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့်ကမ္ဘာလုံးဆိုင်ရာ စီမံ ခန့်ခွဲမှုများကိုမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါတယ်။ ဉာဏ်ရည်တုမှတစ်ဆင့် အကျိုးရှိသော၊ ဘေးကင်း လုံခြုံ သော၊ တန်းတူညီမျှရှိသောဦးတည်ချက်နဲ့ စည်းကမ်းတကျကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေပြီး လူသားတစ်ရပ်လုံး အတွက် အကျိုးပြုရေးတို့ကိုလည်း ရည်ရွယ်ကြောင်း သိရပါတယ်။ (NVS 004)