“တနင်္သာရီသဘာဝကြိုးဝိုင်းသုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး အစီအစဉ်စတင်လျှောက်ထားနိုင်ပြီ”
17 Jul
တနင်္သာရီသဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ် တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်း၍ လျှောက်လွှာများ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ပါတယ်။ အဆိုပါအစီအစဉ်ကို (IUNC- International Union For Conservation of Nature ) နှင့် Friends of Wildlife (FOW)တို့ပူးပေါင်း၍ တနင်္သာရီသဘာဝကြိုးဝိုင်းရေမြေရှုခင်းအတွင်း သဘာဝဝန်းကျင်ပြန်လည်ထူထောင် ရေးနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်း ရေးဆွဲမှုများအတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ ဝန်ထမ်းများကို လိုအပ်သော ဗဟုသုတများ၊ လက်တွေ့ကျွမ်းကျင်မှုများနှင့် ယုံကြည်မှုရှိစွာ ဆောင်ရွက်နိုင်သည့် စွမ်းရည်များ တိုးမြှင့်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ် ဩဂုတ်လမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ ၆ လတာ ကြာမြင့်မည်ဖြစ်ပြီး အစီအစဉ်အတွင်း စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ စီမံကိန်းအဆိုပြုလွှာပြင်ဆင်ခြင်းများနှင့် လက်တွေ့ကွင်းဆင်း သုတေသနပြုလုပ်ခြင်းလုပ်ငန်းများ ပါဝင်မှာဖြစ်ပြီး လူငယ်(အသက် ၁၈ နှစ်မှ ၃၀နှစ်)အထိ လူငယ်များ ပါဝင်နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ ပထမကာလအဖြစ် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ဒုတိယကာလ စီမံကိန်းအဆိုပြုလွှာ ပြင်ဆင်ခြင်းတို့ကို ထားဝယ်မြို့၊ ကလိန်အောင်မြို့နယ်၊ မိချောင်းလှောင် (ရွာသစ်) တို့တွင် ပြုလုပ်သွားမည်ဖြစ်ကာ သင်တန်းတစ်ခုစီကို ၃ ရက်ကြာမြင့်မည် ဖြစ်ပါတယ်။ အဆိုပါသင်တန်းကာလအတွင်း အောင်မြင်စွာ အဆိုပြုလွှာတင်သွင်းနိုင်တဲ့ အဖွဲ့များကို တနင်္သာရီ သဘာဝ ကြိုးဝိုင်းအတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် အသေးစားရန်ပုံငွေ (Small Grant)ကို အဖွဲ့လိုက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါတယ်။ ယင်းအစီအစဉ်သို့ သဘာဝဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ဝင် စားပြီး သုတေသနလုပ်ကိုင်လိုသည့် အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ လူငယ်များ လျှောက်ထားနိုင်ပြီး၊ လျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ အခမဲ့ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS 008)