“ရန်ကုန်–မှော်ဘီ ရထားလမ်းပိုင်းဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းများလုပ်နေ”
17 Jul
ရန်ကုန် – ပြည် ရထားလမ်းပိုင်းအတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖ သွားလာ နိုင်ရေးနှင့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ကွင်းဆင်းကြပ်မတ်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် က တာဝန်ရှိ သူများနှင့်အတူ ဇူလိုင်လ ၁၆ ရက်မှာ ရန်ကုန်မှ မှော်ဘီဘူတာအထိ RBE ရထားနဲ့ လိုက်ပါစီးနင်းကာ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါကွင်းဆင်းစစ်ဆေးမှုမှာ တိုင်းဒေသကြီးဝန်ကြီးနှင့်အတူ မြန်မာ့မီးရထားအထွေထွေမန်နေဂျာ (အောက်မြန်မာပြည်)၊ တိုင်းဒေသကြီးအရာရှိများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးအဆင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများလိုက်ပါခဲ့ကြပြီး ရထားလမ်းတစ်လျှောက်အန္တရာယ်ဖြစ်စေနိုင်တဲ့ တရားမ ဝင်လမ်းကူးနေရာ (Level Crossing)များ ပိတ်သိမ်းရေးနှင့် ရထားလမ်းဘေးမှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်သူများ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်များမှ ကင်းဝေးစေရန် ကျူးကျော်များ ရှင်းလင်းရေးကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီနောက် ဝန်ကြီးနှင့်အဖွဲ့က ရန်ကုန်ဘူတာကြီးမှတစ်ဆင့် RBE ရထားနဲ့ မှော်ဘီဘူတာအထိ လိုက်ပါ စီးနင်းပြီး ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးအတွက် လက်ရှိဆောင်ရွက်နေတဲ့ သံလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များ၊ သံလမ်းဇလီဖားတုံးများ မြှင့်တင်ဆောင်ရွက်နေမှုများနှင့် ရထားလမ်းကြံ့ခိုင်မှုရှိစေရန် ကျောက်ချခြင်းလုပ်ငန်း များကို မြေပြင်တွင် စနစ်တကျ ရှိ၊ မရှိ အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ယခုကဲ့သို့ ရန်ကုန် – မှော်ဘီ ရထားလမ်းပိုင်းအတွင်း တရားမဝင်လမ်းကူး (Level Crossing)များနှင့် ကျူးကျော်များကို ရှင်းလင်းခြင်း၊ ရထားလမ်းအခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းက ရထားမတော်တဆမှုများကို အဓိကလျှော့ချ ပေးနိုင်မှာ ဖြစ်ပါတယ်။ (NVS 008)