“အလုံလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့မှာ ဆက်သွယ်ရေးကြိုးများရှင်းလင်း”

17 Jul

ရန်ကုန်မြို့ရှိ အလုံလမ်းနှင့်ရွှေတိဂုံဘုရားလမ်းတို့မှာ ဆက်သွယ်ရေးကြိုးများရှင်းလင်းနေတယ်လို့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။ ရန်ကုန်မြို့တွင်း လမ်းမကြီးများပေါ်ရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ရှင်းလင်းတဲ့ လုပ်ငန်းစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၅ ရက်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော် က သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ နှင့်အတူအလုံလမ်းနှင့် ဗဟိုလမ်းထောင့်နှင့်ရွှေတိဂုံဘုရားလမ်းတို့ရှိ ဆက်သွယ်ရေးကြိုးများ စနစ်တကျရှင်းလင်း ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးတိုင်များမှာ ဆက်သွယ်ရေးကြိုးများရှုပ်ထွေးမှုများကို ဖြေရှင်းရန် အတွက် ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲရမယ်လို့ ပြီးခဲ့တဲ့မေလအတွင်း မှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ပြောကြားထားခဲ့ပါတယ်။ ဇူလိုင်လ ၉ ရက်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရှုပ်ထွေးဆက်သွယ်ရေးကြိုးများ ရှင်းလင်းဆောင်ရွက်ခြင်းနှင့် ၎င်းကြိုးများကို မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်နိုင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကာ ဆက်လက်ဆောင်ရွက်မယ့်အစီအမံများကို ဆွေးနွေးခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .