“ရန်ကုန်မြို့ရှိ အဆောက်အအုံများကို ငလျင်နှင့်သဘာဝဘေးအန္တရာယ်အကဲဖြတ်စစ်ဆေးရေး စတင်ဆောင်ရွက်”
17 Jul
ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ ငလျင်နှင့်သဘာဝဘေးအန္တရာယ်ခံနိုင်ရည်အခြေအနေကို အကဲဖြတ် စစ်ဆေးနိုင်ရန် မြန်မာနိုင်ငံငလျင်ကော်မတီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တို့ ပူးပေါင်းကာ Pilot Project အဖြစ် ဇူလိုင်လပထမအပတ်အတွင်း စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါစီမံကိန်းအရ ရန်ကုန်မြို့ရှိ မြို့နယ်သုံးခုမှ ရပ်ကွက်သုံးခုကိုရွေးချယ်ကာ အဆောက်အအုံများ၏ ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအခြေအနေများကို ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့ကြောင်း ကော်မတီက ဇူလိုင်လ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ ဒါ့အပြင်စီမံကိန်းဆောင်ရွက်နေစဉ်အတွင်း သက်ဆိုင်ရာရပ်မိရပ်ဖ များနှင့် တာဝန်ရှိသူများကိုတွေ့ဆုံကာ စီမံကိန်း၏ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ရပ်ကွက် အတွင်း ကြုံတွေ့နိုင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအခြေအနေများနှင့်စိန်ခေါ်မှုများကို မေးမြန်းဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။ အဆိုပါ Pilot Project မှရရှိလာမည့် အချက်အလက်များကို အခြေခံ၍ ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ ငလျင်အန္တရာယ်ခံနိုင်ရည်နှင့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။ (NVS 008)