“တရုတ်နိုင်ငံက ၂၀၂၆-၂၀၃၀ အတွက် စွန့်ပစ်အမှိုက်ပုံထိန်းချုပ်ရေး ခိုင်မာသောစီမံကိန်းထုတ်ပြန်”
16 Jul
တရုတ်နိုင်ငံ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မရှင်အပါအဝင် အစိုးရဌာနခြောက်ခုတို့က ပူးပေါင်း၍ (၁၅)ကြိမ်မြောက် ငါးနှစ်စီမံကိန်း(၂၀၂၆-၂၀၃၀)အတွင်း စွန့်ပစ်အမှိုက်ပုံကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို အခိုင်အမာဆောင်ရွက်ရန် စီမံကိန်းတစ်ခုအား ထုတ်ပြန်ခဲ့သည်။ ၂၀၃၀ ပြည့်နှစ်မတိုင်မီ တရုတ်နိုင်ငံသည် အဓိကဧရိယာများတွင် စွန့်ပစ်အမှိုက်ပုံ စီမံဆောင်ရွက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုရရှိရေး၊ ယခင်နှစ်များစွာက စွန့်ပစ်ထားသောအမှိုက်များကို ထိထိရောက်ရောက် ထိန်းချုပ်စီမံရေး၊ တရားမဝင်အမှိုက်ပုံခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်တားဆီးရေး၊ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု ဘက်စုံစွမ်းဆောင်ရည် သိသိသာသာ တိုးတက်ကောင်းမွန်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း စီမံကိန်းအရသိရသည်။ ထို့ပြင် တရုတ်နိုင်ငံသည် အဓိကဧရိယာများအား လွှမ်းခြုံထားသည့် စုပေါင်းဒစ်ဂျစ်တယ်ကြီးကြပ်မှု ကွန်ရက် တစ်ခုထူထောင်ရန်နှင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ အမှိုက်ကင်းစင်မြို့များ တည်ဆောက်ရန်လည်း ရည်ရွယ်ထားသည်။ အဆိုပါစီမံကိန်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို ခွဲခြားသိရှိရေးနှင့် ကိုင်တွယ်ဆောင်ရွက်ရေး၊ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုကွင်းဆက်တစ်ခုလုံး ကြီးကြပ်မှုမြှင့်တင်ရေးအပေါ် အလေးထားလျက် ဖိအားဖြစ်နေသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် စနစ်ကျနသော စီမံခန့်ခွဲမှုကို ခိုင်မာအားကောင်းစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ထို့ပြင် ယင်းစီမံကိန်းတွင် တရားမဝင်အမှိုက်စုပုံခြင်း၊ ကျောက်သားလိုဏ်ဂူများအတွင်း အမှိုက်စွန့်ပစ် ထားခြင်း၊ ဖော့စဖိုဂျစ်ပဆမ်(phosphogypsum) သိုလှောင်မှုနေရာများ၊ စည်ပင်အမှိုက်ပုံများနှင့် အန္တရာယ်ရှိ စွန့်ပစ် အမှိုက်ပုံများ စသည်တို့အတွက် ရည်မှန်းထားသည့် စီမံဆောင်ရွက်မှုလုပ်ငန်းများကိုလည်း ထုတ်ပြန်ထားသည်။ ထို့အတူ စက်မှုလုပ်ငန်းနှင့် အန္တရာယ်ရှိစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု၊ လျှပ်စစ်နှင့် လျှပ်စစ်ထုတ်ကုန်များ စွန့်ပစ်မှု၊ သက်တမ်းကုန်သွားသော စွမ်းအင်သစ်စက်ကိရိယာများ၊ အိမ်ထောင်စုများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်လာသော စွန့်ပစ်အမှိုက်များအား စီမံခန့်ခွဲရေးအတွက် လိုအပ်ချက်များကိုလည်း ၎င်းစီမံကိန်းတွင် ချမှတ်ပြဋ္ဌာန်းထားကြောင်း သိရသည်။ (Repost from Xinhua Myanmar)