“တရုတ်နိုင်ငံတွင် ပိုမိုပြင်းထန်သောရာသီဥတု ဘေးအန္တရာယ်များ ကြုံတွေ့ရနိုင်”
16 Jul
တိုင်ဖွန်းမုန်တိုင်းဘာဗီ ဖြတ်သန်းသွားပြီးနောက် တရုတ်နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းကာ ရေကြီး ရေလျှံမှုဘေးအန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်နေရစဉ် ရှေ့ဆက်၍ ပိုမိုပြင်းထန်သော ရာသီဥတုဆိုးရွားမှုများ ထပ်မံကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသပညာရှင်များက ဇူလိုင်လ ၁၅ ရက်တွင် အရေးပေါ်သတိပေးချက်ထုတ်ပြန် လိုက်သည်။ နိုင်ငံအရှေ့မြောက်ပိုင်း ဂျီလင်ပြည်နယ်တွင် မြစ်ရေအရှိန်အဟုန်ဖြင့် မြင့်တက်လာမှုကြောင့် ဇူလိုင်လ ၁၄ ရက်ညပိုင်းမှစ၍ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားရပြီး မြစ်အနီးရှိဒေသခံများကို ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန်၊ ဘေးကင်းရာနေရာတွင် ရှိသူများအနေဖြင့် နေအိမ်၌သာနေထိုင်ကြရန်နှင့် လမ်းပန်း ဆက်သွယ်ရေးသွားလာမှုများကို ကန့်သတ်ထားရန် တာဝန်ရှိသူများက တိုက်တွန်းခဲ့သည်။ ထို့ပြင် တရုတ်နှင့် မြောက်ကိုရီးယားနယ်စပ်အထိ သွယ်တန်းနေသော ချန်ဘိုင်တောင်ခြေတစ်လျှောက်ရှိ မြို့ကြီး ၁၀ မြို့ ထက်မနည်းတွင် မြေပြိုမှုအန္တရာယ်များကြုံတွေ့ရနိုင်ကြောင်း ဆက်စပ်ဌာနများက ပြောသည်။ အမျိုးသားမိုးလေဝသဌာနကလည်း အဆင့်လေးဆင့်ရှိသတိပေးချက်အနက် တတိယအဆင့်ဖြစ်သော အဝါရောင် မိုးသက်မုန်တိုင်းသတိပေးချက်ကို ထုတ်ပြန်ထားသည်။ မုန်တိုင်းဘာဗီ၏သက်ရောက်မှုများ လျော့ပါးသွားသော် လည်း အခြေအနေမှာစိတ်မချရသေးဘဲ လာမည့်လကုန်တွင် အနောက်မြောက်စွန်း ပစိဖိတ်သမုဒ္ဒရာနှင့် တောင် တရုတ်ပင်လယ်ပြင်တို့၌ နောက်ထပ်တိုင်ဖွန်းမုန်တိုင်း ၅ လုံးမှ ၆ လုံးအထိ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း တရုတ် နိုင်ငံတော်ကောင်စီက သတိပေးထားသည်။ ၎င်းတို့အနက် ၂ လုံး သို့မဟုတ် ၃ လုံးမှာ တရုတ်နိုင်ငံရှိ မုန်တိုင်းဒဏ် သင့်ဒေသများသို့ တိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခြင်း သို့မဟုတ် သက်ရောက်စေခြင်းမျိုး ကြုံတွေ့ရနိုင်သည်ဟု ဆို သည်။ အလားတူ စက်တင်ဘာလကုန်အထိ ဒေသအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်း များ ဆက်လက်ဖြစ်ပွားနိုင်ပြီး ပေကျင်း၊ တီယန်ကျင်း၊ ဖူကျန်း၊ ဂွမ်ဒေါင်း၊ တိဗက်နှင့် ရှင်းကျန်း အစရှိသည့် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ပုံမှန်ထက်မိုးရေချိန် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမို ရွာသွန်းနိုင်ကြောင်း တွက်ချက်ထားသည်။ တရုတ်အစိုးရအဖွဲ့က ယခုနှစ်ရေကြီးမှုရာသီတွင် မြောက်ပိုင်းဒေသ များ၌ ပျမ်းမျှမိုးရေချိန်မှာ ၂၂ ဒသမ ၈ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး ၎င်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံး မိုးရေချိန်ဖြစ်ကာ ပုံမှန်ထက် ၂၃ ဒသမ ၁ ရာခိုင်နှုန်း ပိုမိုများပြားနေခြင်းဖြစ်သည်။ ထို့ပြင် ဟီဘေးပြည်နယ်နှင့် တီယန်ကျင်းမြို့တို့တွင် ၁၉၆၁ ခုနှစ် စံချိန်တင်ပြီးနောက်ပိုင်း အဆိုးရွားဆုံးမိုးသည်းထန်မှုအဖြစ် မှတ်တမ်း တင်ထားကြောင်း SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။