“အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုများထပ်မံပြုလုပ်”
16 Jul
ဟော်မုရေလက်ကြားကိုထိန်းချုပ်ရေးအတွက် အမေရိကန်နှင့်အီရန်တို့ကြား တိုက်ခိုက်မှုများ ပိုမိုပြင်းထန် လာနေစဉ် အမေရိကန်စစ်ဘက်က ဇူလိုင်လ ၁၅ ရက်တွင် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များဖြစ်သော အီရန်၏ ကမ်းရိုးတန်းကာကွယ်ရေးစနစ်နှင့် အနိမ့်ပျံဒုံးကျည်စခန်းများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၅ ရက် နံနက် ၆ နာရီတွင် အီရန်နိုင်ငံပိုင် ဂရိတ်တားတန့်ကျွန်းရှိ စစ်ဘက်ပစ်မှတ်များကို မိနစ် ၉ဝ ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ယင်းမတိုင်မီ ဇူလိုင်လ ၁၄ ရက်တွင်လည်း အမေရိကန်က ၇ နာရီကြာ ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ထားသည်။ အလားတူ အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)ကလည်း အမေရိကန်၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဘာရိန်း၊ ကူဝိတ်နှင့် ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန် စစ် စခန်းများကို တိုက်ခိုက်ခဲ့ပြီး ဒေသတွင်းစွမ်းအင်တင်ပို့မှု လမ်းကြောင်းအားလုံးကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ထား သည်။ တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံကြားသဘောတူညီချက်မရရှိပါက အီရန်အပေါ် တိုက်ခိုက်မှုများကို ပြင်းထန်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောထားကြောင်း AGC သတင်းဌာန ဖော်ပြချက်အရ သိရသည်။