ကွန်ဂို၌ အီဘိုလာကူးစက်မှုက တရားဝင်ထုတ်ပြန်ချက်ထက် လေးဆခန့်ပိုမိုများပြားနိုင်ဟု WHO ပြော

15 Jul

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကူးစက်ပျံ့နှံ့လျက်ရှိသည့် အီဘိုလာရောဂါကူးစက်မှုပမာဏသည် တရားဝင်ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများထက် လေးဆခန့်ပိုမိုများပြားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၁၄ ရက်တွင် သတိပေးထားသည်။ ကွန်ဂိုအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ ပြီးခဲ့ သည့် နှစ်လခန့်က ရောဂါပိုးစတင်တွေ့ရှိချိန်မှစ၍ လက်ရှိအချိန်အထိ အီဘိုလာရောဂါကူးစက်ခံရသူ ၁,၉၆၀ ကျော် ရှိနေပြီး သေဆုံးသူ ၇၀၀ ကျော်ရှိပြီဟုသိရသည်။ သို့သော် WHO ၏စစ်တမ်းတွက်ချက်မှုပုံစံများအရ လက်ရှိ ကူးစက်မှုအခြေအနေသည် ယခုတွေ့ရှိရသည့် လူနာအရေအတွက်ထက် အနည်းဆုံးနှစ်ဆမှ လေးဆအထိ ပိုမို များပြားနိုင်သည်ဟု WHO ၏ အရေးပေါ်အခြေအနေဆိုင်ရာညွှန်ကြားရေးမှူး ချီကွေအီဟက်ကွေဇူး က ပြောသည်။ တရားဝင်ကိန်းဂဏန်းများအရဆိုလျှင်ပင် ယခုဖြစ်ပွားမှုသည် သမိုင်းတစ်လျှောက်တတိယမြောက် အကြီးမားဆုံး အီဘိုလာကူးစက်မှုဖြစ်နေပြီး ကူးစက်ပျံ့နှံ့မှုနှုန်းသည်လည်း ယခင်ကြုံတွေ့ခဲ့ဖူးသမျှထက် အမြန်ဆုံး ဖြစ်နေကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ အဆိုပါအီဘိုလာရောဂါကူးစက်မှုသည် လက်ရှိတွင် ကွန်ဂိုပြည်နယ် ၅ ခုနှင့်အိမ်နီးချင်းယူဂန်ဒါနိုင်ငံတို့အထိ ပျံ့နှံ့နေသော်လည်း ကူးစက်မှု ၉၀ ရာခိုင်နှုန်းကျော်မှာ အီတူရီပြည် နယ် တွင်သာ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ယခုကူးစက်နေသော အီဘိုလာရောဂါသည် အသိအမှတ်ပြုကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးသည့်အမျိုးအစားဖြစ်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

15 Jul

ADVERTISE HERE .