“ပုံမှန်မဟုတ်သော SMS ပေးပို့မှုများရှိသည့် ဖုန်းနံပါတ်များကို အလိုအလျောက်ပိတ်သိမ်းမှု ဆောင်ရွက်လျက်ရှိ”

14 Jul

ဖုန်းနံပါတ်အမျိုးမျိုးဖြင့် ပုံမှန်မဟုတ်သော SMS ပေးပို့နေမှုများ ပြုလုပ်လျက်ရှိသည့် ဖုန်းနံပါတ်များကို အလိုအလျောက်ပိတ်သိမ်းသောနည်းလမ်း(Automatic Blocking Direction)ဖြင့် တားဆီးဆောင်ရွက်ပေးလျက် ရှိကြောင်း ပြည်ထောင်စုအစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရပါတယ်။ တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးအော်ပရေတာများကို အသုံးပြုကာ လောင်းကစားဂိမ်းများက ဖုန်းနံပါတ်အမျိုးမျိုးကို အသုံးပြု၍ SMS ပေးပို့နေမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ တားဆီးဆောင်ရွက်နေမှုအား မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ လောင်းကစားဂိမ်းများမှ ဖုန်းနံပါတ်အမျိုးမျိုးဖြင့် SMS ပေးပို့နေမှုများအပေါ် ဖုန်းနံပါတ်တစ်ခုတည်းမှ တူညီသောစာသားများကို ဖုန်းနံပါတ် ၆၀ ခုသို့ တစ်နာရီအတွင်း ဖြန့်ဝေပေးပို့လျှင်ဖြစ်စေ၊ အချိန် ၂၄ နာရီအတွင်း ဖုန်းနံပါတ် ၁,၀၀၀ ခုသို့ ဖြန့်ဝေပေးပို့လျှင်ဖြစ်စေ ပုံမှန်မဟုတ်သော SMS ပေးပို့မှုအဖြစ် သတ်မှတ်၍ ၎င်းဖုန်းနံပါတ် များအား သက်ဆိုင်ရာအော်ပရေတာ၏ System ရှိ SMS Firewall ၌ အလိုအလျောက်ပိတ်သိမ်းသောနည်းလမ်း (Automatic Blocking Direction)ဖြင့် တားဆီးဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ သံသယဖြစ်ဖွယ် ဖုန်းနံပါတ် အရေအတွက် ၃၉၀,၉၇၈ ခုကို အပြီးတိုင်ပိတ်သိမ်းခြင်းဆောင်ရွက်ခဲ့ကြောင်းနှင့် တိုင်ကြားလိုသည့် ဖုန်းနံပါတ်များကို ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ [email protected] သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရပါတယ်။(NVS 008)

14 Jul

ADVERTISE HERE .