“နယ်စပ်ဝင်ပေါက်၊ ပင်လယ်ရေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသည့် မိုဘိုင်း လက်ကိုင်ဖုန်းများအား CEIR စနစ် မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိ”
14 Jul
နယ်စပ်ဝင်ပေါက်၊ ပင်လယ်ရေကြောင်းဝင်ပေါက်နှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများအား CEIR စနစ်တွင် မှတ်ပုံတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ ပြည်သူများသို့ အသိပေးထုတ်ပြန်ကြေညာထားရှိပါတယ်။ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသည့်ခရီးသည်များအနေနဲ့ CEIR စနစ်တွင် မှတ်ပုံတင်ထားခြင်းမရှိသေးသော မိုဘိုင်းလက်ကိုင်ဖုန်းများ ပါရှိလာပါက လေဆိပ်အကောက်ခွန် ကောင်တာတွင် Passenger Declaration Form (PD Form)ဖြင့် IMEI နံပါတ်အား မဖြစ်မနေထည့်သွင်း ကြေညာ ရမှာဖြစ်ပါတယ်။ မိုဘိုင်းလက်ကိုင်ဖုန်းများအား CEIR စနစ်တွင် မှတ်ပုံတင်နိုင်ရန်အတွက် CEIR OSS အဖွဲ့သို့ CEIR စနစ်တွင် မှတ်ပုံတင်ခွင့်လျှောက်လွှာ၊ Passport(မိတ္တူ) (ဓာတ်ပုံပါသော ရှေ့စာမျက်နှာနှင့် လေဆိပ်လဝကမှ ရောက်ရှိရက်စွဲ ရိုက်နှိပ်ထားသော စာမျက်နှာ)၊ Boarding Pass(မူရင်း၊ မိတ္ထူ)၊ လေယာဉ်လက်မှတ်(မူရင်း၊ မိတ္တူ)၊ Passenger Declaration Form(PD Form)မူရင်း စတဲ့ စာရွက်စာတမ်းများကို ယူဆောင်လာရမှာဖြစ်ပါတယ်။ Passenger Declaration Form(PD Form) ကြေညာခဲ့သည့်ရက်မှ ရက်ပေါင်း (၃၀) အတွင်း လျှောက်ထား၍ ကျသင့်အခွန်ကိုပေးသွင်းရမှာဖြစ်ပြီး ရက်ပေါင်း (၃၀) အတွင်း လျှောက်ထားနိုင်ခြင်းမရှိပါက CEIR စနစ်မှ ကျသင့်အခွန်အပြင် ဒဏ်ကြေးကိုပါ ကောက်ခံသွားမှာဖြစ်ပါတယ်။ ခရီးသည်တစ်ဦးလျှင် ပထမအကြိမ် PD Form ကြေညာသည့်နေ့မှ တစ်နှစ်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်း (၂)လုံးသာ လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။(NVS 008)