“ဝင်းသိင်္ဂီထွန်နဲ့ ရတနာပုံအမျိုးသမီးအသင်းကို MFF အရေးယူ”
13 Jul
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီဟာ ရတနာပုံ အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းနဲ့ ရတနာပုံအမျိုးသမီးအသင်းတို့ကို အရေးယူပြစ်ဒဏ်များ ချမှတ် ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၇ ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ ရတနာပုံအသင်းနဲ့ မြဝတီအမျိုးသမီးအသင်းတို့ပွဲမှာ ရတနာပုံ အသင်းက ပယ်နယ်တီကန်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီပယ်နယ်တီကို ရတနာပုံအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက တမင်ရည်ရွယ်ချက်ရှိစွာနဲ့ ဘေးချော်ကန်ခဲ့ပါတယ်။ အဆိုပါဖြစ်စဥ်အတွက် MFF က ဝင်းသိင်္ဂီထွန်းကို လူတွေ့ခေါ်ယူ မေးမြန်းစစ်ဆေးခဲ့ရာမှာ ဝင်းသိင်္ဂီထွန်းက မြဝတီကစားသမားများက ပယ်နယ်တီပေးမှုအပေါ် ကျေနပ်မှုမရှိပဲ ပြင်းပြင်းထန်ထန် စောဒကတက်နေကြကြောင်း၊ ပယ်နယ်တီပေးရင် ပွဲကို ဆက်မကစားတော့ပဲ ကွင်းအတွင်းမှ ထွက်ခွာမှာဖြစ်ကြောင်း စသဖြင့် ခြိမ်းခြောက်ပြောဆိုနေကြတာကြောင့် Fair- Play အရ တမင်ဘေးချော်ကန်ပေး ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် MFF က ဝင်းသိင်္ဂီထွန်းရဲ့ လုပ်ရပ်ဟာ ပြိုင်ပွဲစည်းမျဥ်းစည်းကမ်း၊ အားကစားပြိုင်ဆိုင်မှုဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီခြင်း၊ ကွင်းလယ်ဒိုင်၏ ဆုံးဖြန်ချက်ကို ကစားသမားတစ်ဦးက ပြန်လည်အစားထိုး ပြင်ဆင်သည့်သဘောသက်ရောက်ခြင်း၊ နောင်တွင်ကစားသမားများအပေါ် မလိုလားအပ်တဲ့ ဖိအားများ ဖြစ်ပေါ်လာစေနိုင်ခြင်း၊ ပြိုင်ပွဲ၏ ပုံမှန်ယှဥ်ပြိုင်မှုအပေါ် ထိခိုက်စေခြင်း အစရှိတဲ့ ပြစ်မှုများမြောက်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် MFF ဟာ ဝင်းသိင်္ဂီထွန်းကို အနီးစပ်ဆုံးတစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေ ကျပ် ၂ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရတနာပုံအသင်းနည်းပြ ဦးဘိုဘိုအောင် ဟာ ပွဲအပြီးအင်တာဗျူး ဖြေကြားရာမှာ တာဝန်ကျ ဒိုင်လူကြီးများကို ဝေဖန်ပြောဆိုခဲ့တဲ့အတွက် စည်းကမ်းထိန်းသိမ်းရေးအပိုဒ် (၁၇) ကို ကျူးလွန်ရာရောက်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် MFF ဟာ ရတနာပုံအမျိုးသမီးအသင်းကို ဒဏ်ကြေးငွေ ကျပ် ၇ သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် မြဝတီအမျိုးသမီးအသင်းမှ ကစားသမားတွေဟာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်မှုအပေါ် မကျေနပ်တဲ့အတွက် ကွင်းအတွင်းမှ ထွက်ခွာမယ့် ကိုယ်အမူမရာများ တွေ့ရှိခဲ့ရကြောင်း သတ်မှတ်ခဲ့ ပါတယ်။ MFF ဟာ မြဝတီအမျိုးသမီးကို နောက်ဆုံးအကြိမ် ပြင်းထန်စွာသတိပေးအကြောင်းကြားထားကြောင်း သိရပါတယ်။ (NVS 008)