“ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ဖျော်ဖြေရေးအစီအစဉ်တွင် ရှာကီရာ နှင့် ဂျက်စတင်ဘီဘာ တို့ အပါအဝင် အနုပညာရှင်အများအပြား ဖျော်ဖြေမည်”
12 Jul
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ဖျော်ဖြေရေးအစီအစဉ်၌ ကမ္ဘာ့ထိပ်တန်းအဆိုတော်များဖြစ်သည့် ရှာကီရာ နှင့် ဂျက်စတင်ဘီဘာ တို့ အပါအဝင် အနုပညာရှင်အများအပြား ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အများအားဖြင့် ဖွင့်ပွဲအခမ်းအနား၊ ဗိုလ်လုပွဲနှင့်အတူ ပိတ်ပွဲအခမ်းအနားတို့တွင် ပွဲစဉ်မစတင်မီ ဖျော်ဖြေရေးအစီအစဉ်ကို ထည့်သွင်းကျင်းပခြင်းဖြစ်သော်လည်း ယခုကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၌ ပွဲစဉ်မစတင်မီနှင့် ပထမပိုင်းအပြီးတို့တွင် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ရှာကီရာ၊ ဂျက်စတင်ဘီဘာ တို့အပြင် မက်ဒေါနား၊ ကိုးလ်ပလေး၊ BTS အဖွဲ့၊ ဘာနာဘွိုင်း၊ ဒူဒါမယ်၊ PS22 Chorus အဖွဲ့ အစရှိသူများက ပါဝင်သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က အဆိုပါဖျော်ဖြေပွဲမှ ရရှိသည့်ငွေကြေးများမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ကမ္ဘာလုံးဆိုင်ရာ ပညာရေးရန်ပုံငွေအစီအစဉ်သို့ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ဇူလိုင် ၂၀ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ရှိ နယူးယောက် နယူးဂျာစီ အားကစားကွင်းတွင် ကျင်းပသွားမှာဖြစ်ပါတယ်။(NVS 008)