အာဂျင်တီးနားအသင်းနှင့်အီဂျစ်အသင်းတို့ ပွဲစဉ်မှဖြစ်ရပ်အတွက် ပြန်လည်စစ်ဆေးရန်မရှိဟု ဖီဖာဒိုင် အကြီးအကဲ အတည်ပြုပြော
11 Jul
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနှင့်အီဂျစ် အသင်းတို့ပွဲစဉ်မှဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်သွားရန် အီဂျစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တောင်းဆိုခဲ့သော်လည်း ဒိုင်အကြီးအကဲ ကော်လီနာက ပြန်လည်စစ်ဆေးရန်မရှိဟု အတည်ပြုပြောကြားခဲ့ပါတယ်။ အီဂျစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်က အာဂျင်တီးနားအသင်းနှင့်ပွဲစဉ်မှာ ကွင်းလယ်ဒိုင် အပါအဝင် တာဝန်ကျဒိုင်များ၏သံသယဖြစ်ဖွယ် ဆုံးဖြတ်ချက်များကို ကျေနပ်မှုမရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အာဂျင်တီးနားအသင်းနှင့်အီဂျစ်အသင်းတို့ပွဲစဉ်၌ နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်နေချိန် ပွဲချိန် မိနစ် ၉၀ ပြည့် ပြီး အချိန်ပိုနှစ်မိနစ်တွင် အာဂျင်တီးနားအသင်းမှ မာတီနက်ဇ်က အီဂျစ်အသင်းမှ ဆာလတ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့ သော်လည်း ကွင်းလယ်ဒိုင်က ပြစ်ဒဏ်သတ်မှတ်ပေးခြင်းမရှိခဲ့ဘဲ ပွဲကို ဆက်လက်ကစားစေခဲ့ရာ အာဂျင်တီးနား အသင်းမှ အန်ဇိုဖာနန်ဒက်က အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါပွဲစဉ် အပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှ ဒိုင်လူကြီးများ၏စွမ်းဆောင်ရည်အပေါ် ပရိသတ်အများစုက ဝေဖန်မှုများ လုပ်ဆောင်ခဲ့ကြသော်လည်း ဖီဖာဒိုင်အကြီးအကဲ ကော်လီနာက အီဂျစ်အသင်းတောင်းဆိုမှုများကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ (NVS 008)