“ဇွန်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းနှစ်သောင်းကျော်တင်ပို့ထား”
10 Jul
ယခုဘဏ္ဍာနှစ် ဇွန်လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းနှစ်သောင်းကျော် တင်ပို့ထားပြီး ယခင်လကထက် တန်ချိန်တစ်သိန်းနီးပါး ပိုမိုတင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ ဆန်နှင့်ဆန်ကွဲများကို တင်ပို့ရာတွင် တစ်လတာအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့သည့်ကုမ္ပဏီ ၄၇ ခုမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၂၃,၇၁၄ တန် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆန်နှင့်ဆန်ကွဲကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့ခြင်းဖြစ်ပြီး ဇွန်လအတွင်း ဆန် ၁၄၅,၈၉၄ တန်နှင့် ဆန်ကွဲတန်ချိန် ၇၇,၈၂၀ ကို တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၄ သန်း ရရှိထားပါတယ်။ ပြီးခဲ့တဲ့ မေလက ဆန်တန်ချိန် ၅၇,၈၅၈ တန်နှင့် ဆန်ကွဲတန်ချိန် ၇၈,၄၀၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၃ သန်းရရှိခဲ့ပါတယ်။ နိုင်ငံအလိုက်ဆန်တင်ပို့ရာတွင် ဖိလစ်ပိုင်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး ပိုလန်၊ နယ်သာလန်၊ စပိန်၊ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ဆန်ကွဲကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ကာ ဘယ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ အီတလီနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံသို့တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။(NVS-004)