“တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုနှင့် ပင်လယ်ရေကြောင်း ကင်းလှည့်မှု ပြုလုပ်မည်”
06 Jul
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ရေတပ်များသည် "Joint Sea-2026" ဟု အမည်ပေးထားသော ရေတပ် စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်ဆိပ်ကမ်းမြို့အနီး ရေပြင်နှင့် ဝေဟင် တို့တွင် ယခုလအတွင်း ပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၅ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုစစ်ရေးလေ့ကျင့်မှုအပြီးတွင် နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင်အချို့က ပစိဖိတ်သမုဒ္ဒရာ၏ ဆက်စပ်ရေပြင် နယ်နိမိတ်အတွင်း ပူးတွဲပင်လယ်ရေကြောင်းကင်းလှည့်မှု ပြုလုပ်သွားမည်ဟုလည်း အဆိုပါဝန်ကြီးဌာနက ကြေညာ ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မည့် ရုရှားစစ်ရေယာဉ်များသည် ချင်းသောင်မြို့ရှိ စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုဆီသို့ ဇူလိုင်လ ၅ ရက်၌ ဆိုက်ကပ်ရောက်ရှိလာခဲ့ရာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် တပ်ဖွဲ့ဝင် အားလုံးကို စုရုံးပြင်ဆင်မှု ပြီးစီးသွားပြီဟု စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရသိရသည်။ ရုရှားနိုင်ငံဘက်က ယင်းစစ်ရေးလေ့ကျင့်မှုအတွက် ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘောကြီးတစ်စင်း၊ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်း၊ ရေငုပ်သင်္ဘောတစ်စင်းနှင့် ကယ်ဆယ်ရေးရေယာဉ်တစ်စင်းတို့ကို စေလွှတ်ခဲ့သလို တရုတ်နိုင်ငံဘက်ကလည်း ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများ၊ ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်စစ်သင်္ဘော၊ ဘက်စုံသုံး ထောက်ပံ့ပို့ဆောင်ရေးသင်္ဘောတစ်စင်း၊ ကယ်ဆယ်ရေးရေယာဉ်တစ်စင်းနှင့် ရေငုပ်သင်္ဘောတစ်စင်း အပါအဝင် မြောက်ပိုင်းစစ်ဒေသကြီး ရေတပ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များ အဓိကပါဝင်မည်ဟု သိရသည်။ ထို့ပြင် နှစ်ဖက်စလုံးက သင်္ဘောတင် ရဟတ်ယာဉ်များနှင့် မရိန်းတပ်ဖွဲ့များကိုလည်း ဖြန့်ကြက်သွားမည်ဖြစ်သည်။ ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား ပူးတွဲတုံ့ပြန်ရေးကို အဓိကအလေးထားသည့် ယင်းစစ်ရေးလေ့ကျင့်မှုကို တပ်စုရုံးခြင်း၊ ဆိပ်ကမ်း၌ စီမံချက်ရေးဆွဲခြင်းနှင့် ပင်လယ်ပြင်၌ စစ်ဆင်ရေး လုပ်ဆောင်ခြင်းဟူသော အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။ နှစ်ဖက်အနေဖြင့် ပူးတွဲ ကင်းထောက်ခြင်း၊ လေကြောင်းနှင့် ဒုံးလက်နက်အန္တရာယ် ကာကွယ်ခြင်း၊ ပင်လယ်ပြင် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်ခြင်းနှင့် အခြားသောလေ့ကျင့်ခန်းအစီအစဉ်များကို ပင်လယ်ပြင်၌ လုပ်ဆောင်သွားမည်ဟုသိရသည်။ ထို့ပြင် နှစ်ဖက်တပ်ဖွဲ့ဝင်များသည် ပညာရှင်အဆင့် ကူးလူးဖလှယ်မှုများ ပြုလုပ်မည်ဖြစ်သည့်အပြင် သက်ဆိုင်ရာ သင်္ဘောများဆီသို့ သွားရောက်လေ့လာသည့် အစီအစဉ်များကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ထိုစစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား နှစ်စဉ်ပြုလုပ်မြဲ ပူးပေါင်းဆောင်ရွက်ရေး အစီအမံ တစ်ရပ်ဖြစ်ကာ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွတုံ့ပြန်ရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ (Repost from Xinhua)