“ဥရောပဘောလုံးအဖွဲ့ချုပ်က လက်ဖြင့် ပါးစပ်ကိုအုပ်ပြီးစကားပြောလျှင် အနီကတ်ပြသသည့် ပြစ်ဒဏ် စည်းမျဉ်းကို အသုံးပြုမည်မဟုတ်”
05 Jul
ဥရောပဘောလုံးအဖွဲ့ချုပ်က လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စည်းမျဉ်းသစ်ဖြစ်သည့် ကွင်းအတွင်း လက်ဖြင့် ပါးစပ်ကိုအုပ်ပြီး စကားပြောဆိုလျှင် အနီကတ်ပြသသည့်စည်းမျဉ်းကို ဥရောပအဆင့်ပြိုင်ပွဲများဖြစ်သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ယူရိုပါလိဂ်ပြိုင်ပွဲ၊ ကွန်ဖရန့်လိဂ်ပြိုင်ပွဲတို့တွင် အသုံးပြုမည်မဟုတ်ဟု အတည်ပြုခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လက်ရှိကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား များအနေဖြင့် ကွင်းအတွင်း ပြိုင်ဘက်အသင်းကစားသမားကို လက်ဖြင့်ပါးစပ်ကိုအုပ်ပြီး စကားပြောဆိုလျှင် တိုက်ရိုက် အနီကတ်ပြသသည့် စည်းမျဉ်းကို အသုံးပြုနေခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ကစားခဲ့သည့် ဘင်ဖီကာနှင့် ရီးရဲလ်မက်ဒရစ် အသင်းတို့ပွဲစဉ်တွင် ဘင်ဖီကာအသင်းမှ ပရပ်စတီနီ က ရီးရဲလ်မက်ဒရစ်အသင်းမှ ဗီနီစီးယက်စ် အနားသွားရောက်ပြီး လက်ဖြင့်ပါးစပ်ကိုအုပ်ကာ လူမျိုးရေးခွဲခြားသည့် စကားလုံးများပြောဆိုခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူမျိုးရေးခွဲခြားမှုများကို တားမြစ်နိုင်ရန် ကစားသမားများကို လက်ဖြင့် ပါးစပ်ကိုအုပ်ပြီး စကားပြောဆိုလျှင် တိုက်ရိုက်အနီကတ် ပြသသည့်စည်းမျဉ်းကို အသုံးပြုနေခြင်း ဖြစ်ပါတယ်။ လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်ဖြင့်ပါးစပ်ကိုအုပ်ပြီး စကားပြောဆိုခဲ့သည့်အတွက် ပါရာဂွေး အသင်းမှ အယ်မီရွန် က ပထမဆုံးအနီကတ်ကို ပြသခံခဲ့ရပြီး အီကွေဒေါအသင်းမှ ဟင်ကာပီ ကလည်း ဒုတိယမြောက် အနီကတ်ပြသခြင်းကို ခံခဲ့ရပါတယ်။(NVS 008)