“ပါကစ္စတန်၏ အကြမ်းဖက်တိုက်ခိုက်မှုများမှ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပိုင်ခွင့် အမေရိကန်ထောက်ခံ”

04 Jul

ပါကစ္စတန်၏ အကြမ်းဖက်တိုက်ခိုက်မှုများမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို အမေရိကန်အစိုးရက ထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ပါကစ္စတန်နှင့် အိမ်နီးချင်း အာဖဂန်နစ္စတန်တို့ကြား စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါသတင်းထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ပါကစ္စတန်ပြည်သူများ အနေဖြင့် အကြမ်းဖက်သမားများ၏ ဒုက္ခပေးမှုကို များစွာရင်ဆိုင်နေရကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုရက်သတ္တပတ်အတွင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ကြား စစ်ရေးအရ အပြန်အလှန်တိုက်ခိုက် မှုများဖြစ်ပွားခဲ့သည်။ ဇွန်လ ၂၈ ရက်တွင် ပါကစ္စတန်တပ်မတော်က အာဖဂန်နစ္စတန် အရှေ့ပိုင်းပြည်နယ်များကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သား ၂၈ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။ ပါကစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်သွေးကြွများကို အာဖဂန် တာလီဘန်များက အာဖဂန်နစ္စတန်၌ ခိုလှုံခွင့်ပေးထားသည်ဟု ပါကစ္စတန်အစိုးရက စွပ်စွဲပြောကြားထားကြောင်း သိရသည်။

04 Jul

ADVERTISE HERE .