“ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည်ဆောင်ရွက်နေ”
04 Jul
ရပ်တန့်နေသောထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်မြင့်ခိုင် က ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက်မှာကျင်းပပြုလုပ်သည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးမောင်စိန် က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ဆောင်ရွက်မှုရပ်တန့်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းချက်ကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် က ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် ယခင်ရေးဆွဲခဲ့သည့် Italian-Thai Development(ITD) Master Plan၊ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Neighbouring Countries Economic Development Cooperation Agency(NEDA)ရဲ့ Master Plan နှင့် Japan International Cooperation Agency-JICA Study တို့ကိုအခြေခံ၍ လက်ရှိအခြေအနေအရ အသင့်တော်ဆုံးဖြစ်မည့်စီမံချက်ကို ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဆင့်(၃)ဆင့်ခွဲကာ အကောင်အထည်ဖော် ဆောင်ရွက် သွားရန် ကြိုးပမ်းလျက်ရှိကြောင်း ဖြေကြားခဲ့ပါတယ်။ ထို့အပြင် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းနယ်နိမိတ်(Port Limit) သတ်မှတ်နိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးတည်ဆောက်သူနှင့်အတူ အခြားလိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီး စီမံကိန်းအား ပြန်လည်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါတယ်။(NVS 008)