“ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံးကစားသမားဖြစ်လာတဲ့ ရော်နယ်ဒို”
03 Jul
ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ရော်နယ်ဒို ဟာ ခရိုအေးရှားအသင်းကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ အသက် ၄၁ နှစ်နဲ့ ၁၄၇ ရက် ရှိပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားရှုံးထွက်အဆင့် ကစားခွင့်ရတဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ပယ်နယ်တီ ကနေ ချေပဂိုးသွင်းယူခဲ့တာကြောင့် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ရော်နယ်ဒို ဟာ အရင်က ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်အတွင်း ရှုံးထွက်အဆင့်ပွဲစဉ် ၈ ပွဲ ကစားခဲ့ရာမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ယခု ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားယှဉ်ပြိုင်မှုရဲ့ ၉ ပွဲမြောက် ရှုံးထွက်အဆင့်ပွဲစဉ်မှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ရော်နယ်လ်ဒို အနေနဲ့ ခရိုအေးရှားနဲ့ပွဲမှာ သမိုင်းမှတ်တမ်းဖြစ်စေမယ့်ဂိုးကို သွင်းယူ နိုင်ခဲ့တဲ့အပြင် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။ ရော်နယ်ဒို အနေနဲ့ ဥဇဘက်ကစ္စတန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုပွဲစဉ်မှာလည်း အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု နှစ်ကြိမ်ရရှိထားပါတယ်။ ရော်နယ်လ်ဒို အပါအဝင် ပေါ်တူဂီလက်ရွေးစင်ကစားသမားတွေဟာ ခရိုအေးရှားနဲ့ပွဲအပြီးမှာ ပြီးခဲ့တဲ့နှစ်က ကွယ်လွန် သွားခဲ့တဲ့ ပေါ်တူဂီကစားသမား ဒီရေဂို ဂျိုတာ ကို အောက်မေ့ဂုဏ်ပြုခဲ့ကြပါတယ်။(NVS 008)