“သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံဆွေးနွေးပွဲ ကျင်းပမည်”
03 Jul
သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံဆွေးနွေးပွဲကို ဇူလိုင်လ ၄ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ကုန်စည်ဒိုင်အပေါ်ဆုံးထပ် အစည်းအဝေးခန်းမ(ဘုရင့်နောင်)၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်တွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍ၌ ကြုံတွေ့နေရသော လမ်းခရီးစိန်ခေါ်မှုများ၊ မတော်တဆမှုများနှင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို အာမခံစနစ်ဖြင့် မည်သို့စနစ်တကျ ကာကွယ်စီမံခန့်ခွဲရမည်ကို နှီးနှောဖလှယ်နိုင်ရန်ရည်ရွယ်၍ အထူးပညာပေးဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါတယ်။ အဆိုပါဆွေးနွေးပွဲကို Logistics & Supply Chain Management မဂ္ဂဇင်း၊ မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MHFTSA)နှင့် Venture Synergy Co., Ltd တို့ ပူးပေါင်းစီစဉ်၍ EFI General Insurance က အဓိကပံ့ပိုးကူညီသွားမှာဖြစ်ပြီး မိမိတို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲကာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို ထိရောက်စွာအကာအကွယ်ပေးနိုင်ရန် အသင်းဝင်လုပ်ငန်းရှင်များ၊ ဂိတ်တာဝန်ခံများနှင့် ယာဉ်ပိုင်ရှင်များ တက်ရောက်ကြရန် ဖိတ်ခေါ်ထားပါတယ်။ ဆွေးနွေးပွဲသို့တက်ရောက်ခြင်းဖြင့် Green Transport အသိပညာ-သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသော မောင်းနှင်မှုစနစ်နှင့် ကုန်တင်ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများ၏ အရေးပါပုံ၊ Panel Discussion (စကားဝိုင်း ဆွေးနွေးပွဲ)-နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသော ဒေါ်လှလှရီ၊ ဦးအောင်ဇော်သက်၊ ဦးတင်မောင်ဦးနှင့် ဦးထွန်းနိုင်ဦးတို့ ပါဝင်ဆွေးနွေးမည့် ကုန်စည်ပို့ဆောင်ရေးနှင့် အာမခံကဏ္ဍစိန်ခေါ်မှုများ၊ မိမိတို့ လုပ်ငန်းခွင်၌ လက်တွေ့ကြုံတွေ့နေရသော အာမခံနှင့်လမ်းခရီးအခက်အခဲများကို ပညာရှင်များနှင့် တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်ကြောင်း သိရပါတယ်။ (NVS-004)