“မကွေးမြို့ သီတဂူမြင့်မိုရ်စံစက္ခုဒါနဆေးရုံကြီး၌ မျက်စိဝေဒနာရှင်များအားအခမဲ့ မျက်စိခွဲစိတ်ကုသပေးလျက်ရှိ”

03 Jul

မကွေးမြို့ သီတဂူမြင့်မိုရ်စံစက္ခုဒါနဆေးရုံကြီး၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းကို ဇွန်လ ၃၀ ရက်မှ စတင်ကုသပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ကုသပေးခြင်းကို မကွေးတိုင်းဒေသကြီးအတွင်းရှိ အမြင်အာရုံချို့တဲ့နေသည့် မိဘပြည်သူများအား အလင်းရောင်ပြန်လည်ရရှိစေရန် ရည်ရွယ်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်နိကာယ အဓိပတိ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၏ လမ်းညွှန်မှု၊ သီတဂူသာသနာပြုအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် မကွေးသီတဂူမြင့်မိုရ်စံစက္ခုဒါနဆေးရုံကြီး၌ မျက်စိဝေဒနာရှင် ၂,၄ဝဝ ကျော်အား ကုသပေးလျက်ရှိပါ တယ်။ အခမဲ့မျက်စိခွဲစိတ်ကုသပေးရာတွင် သီတဂူအထူးကုဆရာဝန်ကြီးများ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးမှ ပါရဂူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သီတဂူဝေယျာဝစ္စ အဖွဲ့ဝင်များက ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ ခေတ်မီစက်ကိရိယာများဖြင့် မျက်စိဝေဒနာရှင်များအား စနစ်တကျ စမ်းသပ်စစ်ဆေး၍ အခမဲ့ခွဲစိတ်ကုသပေးနေခြင်းဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ လာရောက်ကြသည့် မျက်စိအတွင်းတိမ်၊ ရေတိမ်နှင့် အခြားမျက်စိဝေဒနာရှင် စုစုပေါင်း ၂,၄ဝဝ ကျော်ကို ဇွန်လ ၃ဝ ရက်မှ ဇူလိုင် ၇ ရက်အထိ စမ်းသပ်စစ်ဆေးခွဲစိတ် ကုသပေးသွားမှာဖြစ်ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များကိုလည်း နေထိုင်စားသောက်ရေးအတွက် သီတဂူသာသနာပြုအဖွဲ့နှင့် အလှူရှင်များက အခမဲ့စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။ (NVS-004)

03 Jul

ADVERTISE HERE .