ဘီလာရုစ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဒေသတွင်းစံနမူနာဖြစ်အောင် တည်ဆောက်သွားမည်

03 Jul

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို တို့က ဇူလိုင်လ ၂ ရက်ညပိုင်းမှာ သမ္မတအိမ်တော်၊ ဧည့်ခန်းမ၌ တစ်ဦးချင်းသီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံဆွေးနွေးမှုအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က သမ္မတနှစ်ဦး ယခုလိုတွေ့ဆုံမှုက ၅ ကြိမ်မြောက်ဖြစ်ပြီး မိမိတို့နှစ်နိုင်ငံခေါင်းဆောင်များ အချင်းချင်းချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် နှစ်နိုင်ငံကဏ္ဍ ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားလိုပါကြောင်းပြောကြားခဲ့ပါတယ်။ ဘီလာရုစ်သမ္မတ လူကာရှန်ကို က ပြန်လည်ဆွေးနွေးပြောကြားရာတွင် နှစ်နိုင်ငံအချင်းချင်း ရင်းနှီးသည့် ဆက်ဆံမှုများရှိသကဲ့သို့ ပုဂ္ဂိုလ်‌ရေးအရလည်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများရှိပါကြောင်း၊ လက်ရှိ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မိမိတို့နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးပူးပေါင်း၍ ယခုထက်ပိုမိုမြှင့်တင်နိုင်ရေး နောက်ထပ်ခြေလှမ်းသစ်ကို စတင်ရမည့် အချိန်အခါဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွား နိုင်မည့် အခြေအနေများ၊ ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းစီမံချက်(Joint Action Plan)ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာ ထောက်ထားမှု ကဏ္ဍနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေ များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် ဘယ်လာရုစ်သမ္မတနှင့်အဖွဲ့ဝင်များအား နိုင်ငံသမ္မတအိမ်တော်၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံပြီးနောက် ဘယ်လာရုစ်သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။

03 Jul

ADVERTISE HERE .