“လမ်းမှားရောက်နေသူများ အလင်းဝင်နိုင်ရေး ဖိတ်ခေါ်ထား”
03 Jul
မွန်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအနေနဲ့ လမ်းမှားရောက်နေ သူများ အလင်းဝင်နိုင်ရေးအတွက် အလေးထားဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မှာကြားခဲ့ပါတယ်။ ဇူလိုင်လ ၂ ရက် က ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်မှာကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာမှာ လုပ်ငန်းအတွေ့အကြုံရှိပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက် နိုင်တဲ့ပုဂ္ဂိုလ်များကို ကော်မတီဝင်များအဖြစ် ထပ်မံဖြည့်စွက်ဖွဲ့စည်းကာ အကြောင်းအမျိုးမျိုးကြောင့် စည်းရုံးခံရ၍ မိဘများနှင့်ကင်းကွာနေတဲ့ လမ်းမှားရောက်နေသူများကို မိဘများထံပြန်လည်ရောက်ရှိလိုပါက အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး အလင်းဝင်နိုင်ရေးအတွက် ကော်မတီအနေနဲ့ အလေးထားဖိတ်ခေါ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။ ဒါ့အပြင် ကော်မတီအနေနဲ့ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ရေး အပြင် ကော်မတီ၏လုပ်ငန်းတာဝန်များဖြစ်တဲ့ ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးနှင့်သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ဖိတ်ခေါ်ဆွေးနွေးခြင်း၊ တွေ့ဆုံညှိနှိုင်းခြင်းနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လည်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ပါတယ်။ (NVS 008)