“၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ အခြေခံပညာကျောင်း ၅၁,၀၀၀ ကျော်အနက် ၃၅,၀၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့”

03 Jul

၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းပေါင်း ၅၁,၀၀၀ ကျော်အနက် ကျောင်းပေါင်း ၃၅,၀၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီးကျန်ရှိတဲ့ ကျောင်း ၃၀ ရာခိုင်နှုန်းကို ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဇွန်လ ၃၀ ရက်မှာ ကျင်းပတဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ် ဒေါက်တာခိုင်ခိုင်စိုးက ပြီးခဲ့တဲ့ သုံးနှစ်မှ လေးနှစ်တာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများကြောင့် ကျောင်းအများအပြား ပိတ်ထားခဲ့ရပြီး လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ကျောင်းသား များ ကျောင်းမတက်ရောက်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း ကလေးအချို့မှာ ကိုယ်တိုင်လေ့လာသင်ယူခြင်း (Self Study) အပါအဝင် အခြားနည်းလမ်းများနဲ့ ပညာရေးကို ဆက်လက်သင်ယူနေကြကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားများ၏ အသက်အရွယ်နှင့် ပညာသင်အတန်း မကိုက်ညီတဲ့ အခြေအနေများ ဖြစ်ပေါ် လာသဖြင့် Placement Test စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ရာ စာရင်းသွင်းသူ ၁၆၀,၀၀၀ ကျော်ရှိပြီး ဝင်ရောက် ဖြေဆိုသူ ၁၄၀,၀၀၀ ကျော်ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံ နိုင်သေးသူများအတွက် ကျောင်းအပ်လက်ခံမှုကို ဩဂုတ်လ ၃၁ ရက်အထိ သုံးလသက်တမ်းတိုးမြှင့်ပေးထားကြောင်း၊ ဇွန်လ ၂၉ ရက်အထိ စာရင်းများအရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၇ ဒသမ ၂၇၅ သန်းရှိပြီး ဆက်လက်တိုးတက်လာနိုင်ကြောင်း၊ ကျောင်းအပ်နှံ ထားသူများအနက် အမှန်တကယ်ကျောင်းတက်ရောက်မှုနှုန်းမှာ ၉၈ ဒသမ ၆၅ ရာခိုင်နှုန်းရှိကြောင်း ဒေါက်တာ ခိုင်ခိုင်စိုး က ပြောကြားခဲ့ပါတယ်။ (NVS 008)

03 Jul

ADVERTISE HERE .