“တရုတ်၊ အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းများကို အမြန်ဆုံးပြန်လည်အကောင်အထည်ဖော်မည်”
03 Jul
တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ အဓိကအခြေခံအဆောက်အအုံစီမံကိန်းများကို လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်သည်နှင့် အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဇွန်လ ၃၀ ရက်မှာ ကျင်းပတဲ့ နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒေါက်တာခိုင်ခိုင်စိုးက တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းမှာ မူဆယ်မှ မန္တလေးအထိ လမ်းကြောင်းလေ့လာမှုပြီးစီးသွားပြီဖြစ်ပြီး စီမံကိန်းစတင်အကောင်အထည်ဖော်ရန် အသင့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်း အတွက် လမ်းကြောင်းအကြမ်းဖျင်းကို ရွေးချယ်ပြီးဖြစ်ပေမယ့် လေ့လာမှုများဆောင်ရွက်နေစဉ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများကြောင့် အချို့ဒေသများတွင် လုံခြုံရေးအခြေအနေ စိတ်ချရမှုမရှိသဖြင့် လုပ်ငန်းများကို ယာယီရပ်နား ထားရကြောင်း၊ လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသည်နှင့် အမြန်ဆုံး ပြန်လည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အလားတူ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို အမြန်ဆုံးအပြီးသတ်နိုင်ရေးအတွက် လိုအပ်တဲ့ သဘောတူညီချက်များရရှိပြီးဖြစ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အဓိကလိုအပ်ချက်မှာ နယ်မြေလုံခြုံအေးချမ်းရေးဖြစ်ပြီး နယ်စပ်ဒေသများတွင် လုံခြုံရေးအခြေအနေ ကောင်းမွန်လာသည်နှင့် ချက်ချင်းပြန်လည်စတင်သွားမှာဖြစ်ကြောင်း ဒေါက်တာ ခိုင်ခိုင်စိုး က ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံနှင့်လည်း ကုလားတန်မြစ်ကြောင်း ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းတို့ကို ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)