“လက်ရွေးစင်အသင်းအတွက် ဂိုး ၆၀ အမြန်ဆုံးပြည့်တဲ့ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ ဟာလန်း”
02 Jul
နော်ဝေတိုက်စစ်မှူး ဟာလန်း ဟာ လက်ရွေးစင်အသင်းအတွက် ဂိုး ၆၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ ဟာလန်း က အိုင်ဗရီကို့စ်အသင်း ကို အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့ တာကြောင့် လက်ရွေးစင်ကစားသမားဘဝ ဂိုး ၆၀ ပြည့်သွားခဲ့ပါတယ်။ ဟာလန်း က ဂိုး ၆၀ သွင်းယူနိုင်ဖို့ ၅၃ ပွဲသာ ကစားခဲ့ရတာကြောင့် ပွဲအနည်းဆုံးနဲ့ ဂိုး(၆၀) အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ဟာလန်း နဲ့ ခေတ်ပြိုင်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ က လက်ရွေးစင်သွင်းဂိုး ၆၀ ပြည့်ဖို့ ၁၀၁ ပွဲ ကစားခဲ့ရကြောင်းလည်း သိရပါတယ်။ ဟာလန်း ဟာ နော်ဝေအသင်းအတွက် နောက်ဆုံး ၁၃ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး နော်ဝေနည်းပြက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။ ဟာလန်း က ပထမဆုံး အကြိမ် ပွဲထွက်ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး နော်ဝေကစားသမားတွေ ထဲမှာ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးအဖြစ်လည်း ရပ်တည်နေပါတယ်။ ဟာလန်း က ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ပါဝင်ကစားခဲ့ခြင်းမရှိဘဲ ကျန်တဲ့ ၃ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ (NVS 008)