“ရင်ချင်းဆက်အမြွှာမိန်းကလေးများ ခွဲစိတ်အောင်မြင်ပြီး ၁၉ ရက်အကြာ ကျန်းမာစွာ သီးသန့်သွားလာနိုင်”

02 Jul

ရန်ကုန်ကလေးဆေးရုံကြီးမှာ ရင်ချင်းဆက်အမြွှာမိန်းကလေးများရဲ့ ခွဲစိတ်ခွဲထုတ်ကုသမှု (Separation Surgery)ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးနောက် ၁၉ ရက်ပြည့်မြောက်ချိန်မှာ ကလေးနှစ်ဦးစလုံး၏ ကျန်းမာရေး အခြေအနေကောင်းမွန်လျက်ရှိကာ သီးသန့်စီ ပျော်ရွှင်စွာသွားလာလှုပ်ရှားနိုင်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ရင်ချင်းဆက်အမြွှာမိန်းကလေးများမှာ ပခုက္ကူမြို့နေ အသက် ၃၁ နှစ်အရွယ် မိခင်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှာ ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)၌ ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ မွေးဖွားချိန်မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုနဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)၊ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံ ကြီး(မန္တလေး)နှင့် ကလေးဆေးရုံကြီး(ရန်ကုန်)တို့မှာ အထူးကြပ်မတ်ပြုစုစောင့်ရှောက်မှုများ ဆက်လက်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသရန်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ကလေးဆေးရုံကြီး(ရန်ကုန်)သို့ ပြောင်းရွှေ့ကာ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်တွင် အသက် ၂ နှစ် ၅ လအရွယ်၌ ကလေးဆေးရုံကြီး(ရန်ကုန်)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး(မန္တလေး)နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများပါဝင်တဲ့ ဆေးဘက် ဆိုင်ရာအဖွဲ့က ခွဲစိတ် ကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ယခုခွဲစိတ်ကုသမှုအပါအဝင် ရန်ကုန်ကလေး ဆေးရုံကြီး၌ ရင်ချင်းဆက်အမြွှာခွဲစိတ်ကုသမှု ၉ ကြိမ်နှင့် မန္တလေးကလေးဆေးရုံကြီးမှာ ၃ ကြိမ်၊ စုစုပေါင်း ၁၂ ကြိမ်ကို ပြည်တွင်းဆေးပညာရှင်များရဲ့ စွမ်းဆောင်ရည်ဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

02 Jul

ADVERTISE HERE .