အစားရှောင်ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ

30 Jun

ဒီနေ့ ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေး ကဏ္ဍကနေ အစားရှောင်ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုး တွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ နေ့စဉ်ပုံမှန် စားရမယ့် အချိန်မှာ မအားလို့ ပဲဖြစ်ဖြစ်၊ ဝမှာစိုးလို့ပဲ ဖြစ်ဖြစ် အစားရှောင်မိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတွေ ချက်ချင်းဖြစ်ပေါ်လာပါတယ်။ အစာမစားဘဲနေခြင်းက သင့်ခန္ဓာကိုယ်ရဲ့ စွမ်းအင်ချိန်ခွင်လျှာကို လျင်မြန်စွာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း နဲ့ ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများ ဖြစ်နိုင်ပါတယ်။ အာဟာရချို့တဲ့ခြင်း၊ ဇီဝကမ္မဖြစ်စဉ် နှေးကွေးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်များအထိ တိုးလာစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ် အားနည်းလာတတ်ပါတယ်။ အာဟာရချို့တဲ့ခြင်းက သင့်ခန္ဓာကိုယ်တွင် လိုအပ်တဲ့ ဗီတာမင်များကို ဆုံးရှုံးစေပြီး မကြာခဏ ဖျားနာမှုများနှဲ့ အနာကျက်ခြင်းတို့ကို နှေးကွေးစေပါတယ်။ ဒါ့အပြင် အရိုးပွရောဂါကို ဖြစ်စေနိုင်ပြီး အရိုးများ ကြွပ်ဆတ်ကာ ကျိုးလွယ်ပါတယ်။ ခန္ဓာကိုယ်နဲ့ တစ်သျှူးများ ပျက်စီးခြင်း- ပရိုတင်းဓာတ်နဲ့ အာဟာရဓာတ်များ ချို့တဲ့ပါက ကြွက်သားများ ဆုံးရှုံးတတ်ပါတယ်။ ပုံမှန်မဟုတ်သော သို့မဟုတ် ရာသီပျက်သွားခြင်းနှင့် မျိုးပွားမှုဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေနိုင်တဲ့ သင်၏ဟော်မုန်းများကို အနှောင့်အယှက်ပေးမှာ ဖြစ်ပါတယ်။ ဆံပင်ပါးလာခြင်းနဲ့ အရေပြား တင်းကျပ်ခြင်း သို့မဟုတ် ပါးလွှာခြင်းတို့ကို ဖြစ်စေနိုင်တယ်။ နေ့စဉ်အစားအသောက်တွေကနေ ဦးနှောက်အတွက် အဓိက ပံ့ပိုးနေတဲ့ ဂလူးကလို့စ် ပမာဏဟာ အစားရှောင်လိုက်တဲ့အခါ ချက်ချင်း ပြုတ်ကျသွားတာကြောင့် သွေးတွင်းသကြားဓာတ်ကိုပါ ကျဆင်းသွားစေပါတယ်။ ဦးနှောက်က ထိန်းချုပ်ထားတဲ့ အရာအားလုံးက စွမ်းဆောင်မှုတွေ ကျဆင်းစေသလို မူးဝေနေပြီး အားနည်းနေတာကို ခံစားရစေပါတယ်။ အာရုံစူးစိုက်လို့မရတော့တဲ့အပြင် ချွေးထွက်တာ၊ လက်တုန်လာပြီး ဦးနှောက်က အစာစားဖို့ အချက်ပေးနေပါလိမ့်မယ်။ အမြဲအလိုလို မစားတာဆိုရင်တော့ ခန္ဓာကိုယ်က ဟော်မုန်း တွေထုတ်ပြီး အစားပိုစားချင် စိတ်ဖြစ်အောင် လုပ်‌ဆောင်ပေးပါလိမ့်မယ်။ အစာမစားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစနစ်က ပုံမှန်ထက် နှေးကွေးသွားပါတယ်။ ဒီလိုနှေးသွားတဲ့အတွက် အစာချေဖျက်ချိန်က ပိုမိုကြာမြင့်သွားပြီး အဆီပိုစုဖို့ တွန်းအားပေးပါတယ်။ အစာရှောင်ပြီး နောက်မှ အစာစားတဲ့ အခါမှာလဲ ပုံမှန်ထက် ပိုစားအောင် တွန်းအားပေးတာမို့ အစားရှောင်နေပေမယ့် ပိုဝလာစေပါတယ်။ အစာရှောင်ခြင်းက အစာအိမ်အတွင်းက အက်ဆစ်တွေက အစာအိမ်မှာရှိတဲ့ အတွင်းသား နဲ့ အူလမ်းကြောင်းကို ဆိုးကျိုးဖြစ်စေပြီး အဲ့ဒီအခါ ဗိုက်အောင့်မယ်၊ ပျို့တက်ပါမယ်။ ရေရှည်ဆိုရင်တော့ အစာအိမ်ကို ဒုက္ခဖြစ်စေပါလိမ့်မယ်။ အစာမစားတဲ့အခါမှာတော့ စိတ်ကစဉ့်ကလျား ဖြစ်လာစေပြီး အလိုလိုနေရင်း ဒေါသထွက်နေတာ၊ လွယ်လွယ်နဲ့ စိတ်ရှုပ်တာတွေအပြင် ဆုံးဖြတ်ချက်ချတဲ့အခါ မှန်ကန်စွာ မတွေးနိုင်တော့ပါဘူး။ ဒါ့အပြင် ရေရှည်မှာ မေ့တတ်တာ၊ ဂနာမငြိမ်ဖြစ်လာပြီး စိတ်ဖိစီးမှုကိုပါ ဖြစ်စေနိုင်ပါတယ်။ အစားရှောင်တာဟာ ခန္ဓာကိုယ်အတွင်း ဆိုးဝါးစွာ ပြောင်းလဲသွားမှုတွေ ဖြစ်စေပါတယ်။ ပိန်ချင်တဲ့ သူတွေအနေနဲ့လည်း အစာကို သေချာအချိန်မှန် စားပြီး လေ့ကျင့်ခန်း လုပ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ (NVS 003)

30 Jun

ADVERTISE HERE .