“ကျန်းမာရေးဝန်ကြီးဌာနရဲ့ အထူးကုဆေးကုသရေးအဖွဲ့ တောင်ကြီးမြို့မှာ ကွင်းဆင်းကုသမှုဆောင်ရွက်ပေးခဲ့”

30 Jun

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခနှင့်အထူးကုဆရာဝန်ကြီး ၁၃ ဦး ပါဝင်တဲ့ အထူးကုဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဒေသခံပြည်သူများကို ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်တို့မှာ ကွင်းဆင်း၍ အထူးကု ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအဖွဲ့မှာ မန္တလေးပြည်သူ့ဆေးရုံကြီး (ခုတင် ၅၀၀)၊ ကလေးဆေးရုံကြီး (မန္တလေး) နှင့် သက်ဆိုင်ရာ ဆေးရုံများမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်ခဲ့ပြီး တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ ကုသမှုပေးခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအစီအစဉ်အတွင်း နှလုံးရောဂါလူနာ ၂၅၀ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါလူနာ ၈၄ ဦး၊ ဦးနှောက်နှင့် အာရုံကြောရောဂါလူနာ ၂၅၄ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုလိုအပ်သူ ၂၄ ဦး၊ အသည်းရောဂါလူနာ ၈၀ ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါလူနာ ၂၀၈ ဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါလူနာ ၈၅ ဦး၊ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်လူနာ ၃၃ ဦး၊ ရင်ခေါင်းရောဂါလူနာ ၅၃ ဦး၊ အရိုး၊ အကြောနှင့် အဆစ်ရောဂါလူနာ ၄၆၀ ဦး၊ ကလေးသွေးရောဂါနှင့် ကလေးဦးနှောက်၊ အာရုံကြောရောဂါလူနာ ၁၀၅ ဦးတို့အပါအဝင် စုစုပေါင်း ဒေသခံပြည်သူ ၁,၆၄၂ ဦးကို ကြည့်ရှုကုသပေးခဲ့ပါတယ်။ ဒါ့အပြင် နှလုံးပုံရိပ်ဖော်စစ်ဆေးခြင်း(Echocardiography) ၇၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းစစ်ဆေးကုသခြင်း ၁၁ ဦး၊ အူမကြီးမှန်ပြောင်းစစ်ဆေးခြင်း ၇ ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ၂၄ ဦး၊ သံလိုက်ဓာတ်မှန် (MRI) ၂ ဦး၊ ဓာတ်မှန်ရိုက်စစ်ဆေးမှု ၃၄၉ ဦး၊ ဓာတ်ခွဲစမ်းသပ်မှု ၂,၄၆၂ ခု၊ အာထရာဆောင်း (Ultrasound) စစ်ဆေးမှု ၁၅၂ ဦးနှင့် နှလုံးလျှပ်စစ်မှတ်တမ်း (ECG) စစ်ဆေးမှု ၃၂၈ ဦးတို့ကိုလည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရပါတယ်။ ဆက်လက်ပြီး အထူးပြုရောဂါရှာဖွေစစ်ဆေးမှုနှင့် ကုသမှုများလိုအပ်တဲ့ လူနာ ၁၉ ဦးကို သက်ဆိုင်ရာအထူးကုဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးခဲ့ပါတယ်။ လာရောက်ကုသမှုခံယူသူများမှာ တောင်ကြီး မြို့နယ်အပြင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ မြို့ပေါ်နှင့်ကျေးလက်ဒေသနေ ပြည်သူများလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

30 Jun

ADVERTISE HERE .