“သီလဝါအထူးစီးပွားရေးဇုန်မှာ နှစ်ရှည်မြေယာငှားရမ်းမှု ၃ ဒသမ ၉ ဟက်တာ အတည်ပြု”
30 Jun
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံလိုသူများအတွက် နှစ်ရှည် မြေယာငှားရမ်းမှု မြေဧရိယာ ၃ ဒသမ ၉ ဟက်တာကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း Myanmar Japan Thilawa Development Limited-MJTD မှ သိရပါတယ်။ MJTD က သီလဝါအထူးစီးပွားရေးဇုန်အတွင်း စက်မှုလုပ်ငန်းဧရိယာ ဖွံ့ဖြိုးရေး၊ ဈေးကွက်တင်ရောင်းချရေး၊ နှစ်ရှည်ငှားရမ်းရေးနှင့် စက်မှုလုပ်ငန်းဧရိယာလည်ပတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တည်ထောင်ထားသော ကုမ္ပဏီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသားတင် အမြတ်မှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်း ရရှိခဲ့ပြီး စုဆောင်းပြီးအမြတ်လက်ကျန် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၆ သန်းနှင့် ငွေသားနှင့်ဘဏ်လက်ကျန်ငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈ သန်းရှိကြောင်း MJTD ၏ ဘဏ္ဍာရေးရှင်းတမ်းအရ သိရပါတယ်။ ယခုဘဏ္ဍာရေးနှစ်အတွင်း MJTD သည် ရင်းနှီးမြှုပ်နှံလိုသူများထံမှ နှစ်ရှည်မြေယာငှားရမ်းမှုအတွက် မြေဧရိယာ ၃ ဒသမ ၉ ဟက်တာ အတည်ပြုလက်မှတ်များ ရေးထိုးနိုင်ခဲ့ပြီး ပုံမှန်လည်ပတ်လုပ်ငန်းများ၊ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းမှ ဝင်ငွေစီးဆင်းမှုများ အပါအဝင် ကဏ္ဍအသီးသီးတွင် စဉ်ဆက်မပြတ် တိုးတက်မှုများ ရရှိလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။ စီးပွားဖြစ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးကို အစီရင်ခံစာတင်ပြတဲ့ ကာလအကုန်မှာ စုစုပေါင်း ၅ ဒသမ ၄ မဂ္ဂါဝပ်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းစု၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ မဟာဗျူဟာနှင့်အညီ ၂ မဂ္ဂါဝပ် ထပ်မံတိုးချဲ့မှုကို ၂၀၂၆ ခုနှစ် ဧပြီလမှာ အောင်မြင်စွာအပြီးသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကို စုစုပေါင်း ၃၀ မဂ္ဂါဝပ်အထိ အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရန် လျာထားကြောင်း သိရပါတယ်။ (NVS 004)