“မြို့ပြစီမံကိန်းများ လမ်းညွှန်ချက်ရရှိပါက ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးမည်”

30 Jun

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စု အဆင့်၏ လမ်းညွှန်ချက်ရရှိပါက နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင် က ပြောကြားခဲ့ပါတယ်။ ဇွန်လ ၂၉ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့)မှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသော်တာ၏ ရန်ကုန်တိုင်း ဒေသကြီးရှိ လုပ်သက်နှစ် ၃၀ နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူခဲ့သော ဝန်ထမ်း များကို မြေကွက်ချထားပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ စည်ပင်သာယာရေးဝန်ကြီးက လက်ရှိအစိုးရတာဝန်ယူတဲ့ အစောပိုင်းကာလအတွင်း မြို့ပြစီမံကိန်းများ ရေးဆွဲနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းများရေးဆွဲပြီးစီးပါက ပြည်ထောင်စုအဆင့်သို့ တင်ပြ၍ လမ်းညွှန်ချက်များ ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအဆင့်မှ လမ်းညွှန်ချက်များ ရရှိပြီးနောက်မှသာ တိုင်းဒေသကြီးအဆင့်အနေနဲ့ လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးမည့် အစီအစဉ် မရှိသေးပေမယ့် မြို့ပြစီမံကိန်းများ ရေးဆွဲအတည်ပြုပြီး လိုအပ်တဲ့လမ်းညွှန်ချက်များရရှိပါက သက်ဆိုင်ရာ အစီအစဉ် များကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

30 Jun

ADVERTISE HERE .