“၂၀၂၆ ခုနှစ်အတွင်းစက်မှုဇုန်များရှိ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းများကို ကွင်းဆင်းစစ်ဆေးမည်”
29 Jun
၂၀၂၆ ခုနှစ်အတွင်း စက်မှုဇုန်များရှိ အလုပ်ဌာနနှင့်အလုပ်သမားဦးရေစာရင်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ စက်မှုဇုန်များမှာ ညှိနှိုင်းနှင့် ကွင်းဆင်းစာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရပါတယ်။ လက်ရှိမှာလည်း စက်မှုဇုန်များနှင့် စက်မှုဇုန်တွင်း/ ဇုန်ပြင်ပရှိ ပိုင်ဆိုင်မှုကဏ္ဍအလိုက် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် စာရင်းကောက်မေးခွန်းလွှာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ဇွန်လ ၂၂ ရက်က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အလုပ်သမားဝန်ကြီးဌာန၏ ရည်မှန်းချက် တစ်ခုဖြစ်သည့် “အလုပ်သမားရေးရာ သုတေသနနှင့် အလုပ်သမားဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပြုစုရေး” ဆိုသည့် ရည်မှန်းချက်နှင့်အညီ အလုပ်သမားရေးရာစာရင်းများရရှိရန် “၁၉၄၈ ခုနှစ်၊ အလုပ်အကိုင် ဆိုင်ရာစာရင်းစစ်တမ်းယူခြင်း အက်ဥပဒေအရ” နိုင်ငံအတွင်း စက်မှုဇုန်များရှိ အလုပ်ဌာနနှင့် အလုပ်သမားဦးရေ စာရင်းကို ၁၉၉၇ ခုနှစ်မှစတင်၍လည်းကောင်း၊ စက်မှုဇုန်တွင်း/ဇုန်ပြင်ပရှိ ပိုင်ဆိုင်မှုကဏ္ဍအလိုက် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းတို့ကို ၁၉၈၆ ခုနှစ်မှ စတင်၍လည်းကောင်း ကောက်ယူခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် စက်မှုဇုန်များရှိ အလုပ်ဌာနနှင့်အလုပ်သမားဦးရေစာရင်းများကို နိုင်ငံတော်မှသတ်မှတ်ပေးထားသော စက်မှုဇုန်ရှိသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုတို့မှာ ညှိနှိုင်းနှင့် ကွင်းဆင်း စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စက်မှုဇုန်တွင်း/ဇုန်ပြင်ပရှိ ပိုင်ဆိုင်မှုကဏ္ဍအလိုက် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းများကို ရခိုင်ပြည်နယ်မှလွဲ၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုတို့မှာ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း၊ ကော်မတီတို့ထံမှ ညှိနှိုင်းစာရင်း တောင်းခံသွားမည်ဖြစ်ကြောင်းနှင့် စာရင်းများကောက်ယူရာတွင် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့်အလုပ်သမားဦးရေစာရင်းများ မှန်ကန်ရန် လိုအပ်ကြောင်းကို မှာကြားခဲ့ပါတယ်။ အခုလိုကောက်ယူရရှိတဲ့ စာရင်းများကို လေ့လာသုံးသပ်၍ စီမံကိန်းရေးဆွဲသူများ၊ မူဝါဒချမှတ်သူများက အသုံးပြုမည်ဖြစ်၍ စာရင်းကောက်ဝန်ထမ်းများက စာရင်းကောက်ယူရာမှာလည်းကောင်း၊ အချက်အလက်များ ဖြည့်သွင်းမှုအတွင်း တိကျမှန်ကန်ရန်နှင့် သတ်မှတ်ချိန်အတိုင်းစာရင်းများ ပြီးစီးအောင်ဆောင်ရွက်နိုင်မှသာ တန်ဖိုးရှိသော၊ စိတ်ချယုံကြည်ရသော စာရင်းများရရှိမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ (NVS 004)