“ကိတ်ဗာဒီအသင်း ၃၂ သင်း ရှုံးထွက်အဆင့်တက်ရောက်နိုင်သည့် မှတ်တမ်းကောင်းရရှိ”

28 Jun

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ သမိုင်းတွင် ယခုနှစ်မှသာ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်၍ ပါဝင်ကစားခွင့် ရရှိခဲ့သည့် ကိတ်ဗာဒီအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည့် မှတ်တမ်း ကောင်းကို ရရှိခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကိတ်ဗာဒီအသင်းက လက်ရှိကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု(H)တွင် စပိန်၊ ဆော်ဒီအာရေဗျ၊ ဥရုဂွေးအသင်း တို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သော်လည်း အုပ်စုအဖွင့်ပွဲစဉ်တွင် စပိန်အသင်းကို ဂိုးမရှိသရေ၊ အုပ်စုဒုတိယ ပွဲစဉ်တွင် ဥရုဂွေးအသင်းကို နှစ်ဂိုးစီသရေ၊ အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဆော်ဒီအာရေဗျအသင်းကို ဂိုးမရှိသရေ ရလဒ်တို့ဖြင့် ကစားခဲ့ပြီးနောက် အုပ်စုပြီးဆုံးချိန်တွင် ရမှတ်သုံးမှတ်ဖြင့် အုပ်စုဒုတိယနေရာမှ ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် တောင်အာဖရိကအသင်းတစ်သင်းဖြစ်သည့် ဂါနာအသင်းက ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၁၆ သင်း ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့သည့် မှတ်တမ်း ကောင်းကို ရရှိခဲ့ပြီးနောက် ယခုအခါ ကိတ်ဗာဒီအသင်းကလည်း ပထမဆုံးပါဝင်ကစားခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃၂ သင်း ရှုံးထွက်အဆင့် တက်ရောက်နိုင်သည့် ဒုတိယမြောက် တောင်အာဖရိကအသင်း ဖြစ်လာခဲ့ပါတယ်။(NVS 008)

28 Jun

ADVERTISE HERE .