“၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်”
28 Jun၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းမှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ပြီးခဲ့တဲ့မတ်လအတွင်း ကျင်းပခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် နိုင်ငံခြားစာစစ်ဌာနများအပါအဝင် စာစစ်ဌာန ၈၈၇ ခုတွင် ဝင်ရောက်ဖြေဆိုသူ ၂၅၅,၂၂၈ ရှိခဲ့ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာန ၄၁ ခုတွင် ဝင်ရောက်ဖြေဆိုသူ ၂,၃၆၄ ဦး ရှိခဲ့ပါတယ်။ အောင်စာရင်းထုတ်ပြန်ချက်များအရ တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဝင်ရောက် ဖြေဆိုသူ ၄၅,၆၃၅ ဦးအနက် အောင်မြင်သူ ၂၈,၃၉၃ ဦး၊ အောင်မြင်မှုရာခိုင်နှုန်း ၆၂ ဒသမ ၂၂ ရာခိုင်နှုန်းဖြင့် အများဆုံးအောင်မြင်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)မှ ဝင်ရောက်ဖြေဆို ၁၁,၈၆၆ ဦးအနက် အောင်မြင်သူ ၇,၀၇၂ ဦး၊ အောင်မြင်မှုရာခိုင်နှုန်း ၅၉ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးအောင်မြင်ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှ ဝင်ရောက်ဖြေဆို ၄၆,၈၈၉ ဦးတွင် ၂၃,၂၀၃ ဦးအောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၄၈ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ ကျောင်းသူ ၂၅၅,၂၂၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၁၃၃,၆၇၃ ဦးရှိခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရသိရပါတယ်။ ထို့ပြင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အင်းစိန်အကျဥ်းထောင်မှ ဝင်ရောက်ဖြေဆိုခဲ့သည့် အကျဥ်းသား၊ အကျဥ်းသူ ၃၆ ဦးလုံး အောင်မြင်ခဲ့ကာ (၃)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၅ ဦးရှိခဲ့ပြီး ကျန် ၂၉ ဦးမှာ ရိုးရိုးအောင်မြင်ခဲ့ပါတယ်။ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၃၃၆၄ ဦးအနက် ၁၆၇၄ ဦးအောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၇ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။(NVS 004)