“ဥရောပဒေသတစ်ဝန်း၌ အပူချိန်မြင့်တက်မှုများကြောင့် လူဦးရေရာပေါင်းများစွာ သေဆုံးနေ”
28 Jun
ဥရောပဒေသတစ်ဝန်း၌ ယခုသီတင်းပတ်အတွင်း အပူချိန်မြင့်တက်မှုကြောင့် လူဦးရေရာပေါင်းများစွာ သေဆုံးထားကြောင်းနှင့် လူသေဆုံးမှုအများဆုံးမှာ စပိန်နိုင်ငံဖြစ်ကြောင်း သိရသည်။ ယခုသီတင်းပတ်အတွင်း စပိန်နိုင်ငံ၌ အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်လာနေသည့်အပြင် အခြားနိုင်ငံများတွင်လည်း အပူချိန်မှာ စံချိန်ချိုးလောက်သည်အထိ မြင့်တက်လာနေသည်။ လူသေဆုံးမှုပမာဏအနေဖြင့် စပိန်နိုင်ငံ၌ လူဦးရေ ၂၀၀ ကျော် သေဆုံးကြောင်းနှင့် ဂျာမနီနိုင်ငံ၌ လူဦးရေ ၂၀ ကျော်သေဆုံးကြောင်း တာဝန်ရှိသူများကပြောသည်။ လူ အများစုမှာ အပူရှောင်သည့်အနေဖြင့် မြစ်များ၊ ချောင်းများ၊ ကန်များအတွင်းဆင်း၍ ရေချိုးကြသောကြောင့် သေဆုံးသူများအနက် အများစုသည် ရေနစ်မှုကြောင့် ဖြစ်ကြောင်း လေ့လာသူများကပြောသည်။ ထို့အတူ ပြင်သစ်နိုင်ငံ၌လည်း အပူချိန်မြင့်တက်မှုနှင့် ဆက်စပ်နေသည့် လူသေဆုံးမှုများရှိကြောင်း၊ သေဆုံးသူများတွင် ကလေးငယ်များလည်းပါဝင်ကြောင်း၊ ထို့ပြင် အီတလီနိုင်ငံတွင်လည်း အပူလျှပ်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် ဆေးရုံတက်ရသူဦးရေ များပြားသည့်အတွက် သေဆုံးသူများလည်းရှိကြောင်း သတင်းဌာနများက ဖော်ပြထားသည်။ အထူးသဖြင့် ဥရောပအနောက်ပိုင်းနှင့် တောင်ပိုင်းတို့၌ အပူလှိုင်းလွှမ်းခြုံထားသည့်အတွက် ဒေသ တစ်ဝန်းတွင် လေပူများပြည့်လျက်ရှိသောကြောင့် အေးမြသောရာသီဥတုက ဝင်ရောက်နိုင်ခြင်းမရှိဘဲ ဖြစ်နေ ကြောင်း မိုးလေဝသပညာရှင်များကပြောသည်။