“အီရန်နှင့်အမေရိကန်တို့တိုက်ခိုက်မှုများဖြစ်ပွား၊ ဟော်မုရေလက်ကြားပြန်ပိတ်”
28 Jun
အီရန်စစ်ဘက်သည် ဟော်မုရေလက်ကြားမှ ဖြတ်သန်းသွားသော ကုန်တင်သင်္ဘောတစ်စင်းကို ဒရုန်းဖြင့် တိုက်ခိုက်ကြောင်း အမေရိကန်က စွပ်စွဲပြီးနောက် အမေရိကန်စစ်ဘက်က ဇွန်လ ၂၆ ရက်တွင် အီရန်အပေါ် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထို့နောက် အမေရိကန်၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က ဘာရိန်းနိုင်ငံရှိ အမေရိကန် စစ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်မှုလုပ်ကြောင်း အီရန်စစ်ဘက်နှင့် ဘာရိန်းအစိုးရတို့က ထုတ်ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် မကြာသေးမီကမှ ပြန်ပွင့်လာသည့် ဟော်မုရေလက်ကြားမှာ ပြန်ပိတ်သွားပြီဖြစ်သည်။ ယခုကဲ့သို့တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် မကြာမီက လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သည်ဟု နှစ်နိုင်ငံစလုံးက အပြန်အလှန်စွပ်စွဲအပြစ်တင်ထားသည်။ အမေရိကန်ဘက်က အီရန်ရှိ ဒုံးကျည်နှင့် ဒရုန်းသိုလှောင်ရုံနေရာများနှင့် ကမ်းရိုးတန်းရေဒါစခန်း နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုလုပ်ခြင်းဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်းဒေသ စစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ တစ်ဖက်တွင်မူ နားလည်မှုစာချွန်လွှာအရ အစ္စရေးနှင့် လက်ဘနွန်တို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် တိုးတက်မှုများရှိသော်လည်း အမေရိကန်နှင့် အီရန်တို့ကြားတွင်မူ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။ နားလည်မှုစာချွန်လွှာတွင်ပါရှိသော သဘောတူညီချက်အရ ဟော်မုရေလက်ကြားမှ ဖြတ်သန်းသွားသည့် သင်္ဘောများအနေဖြင့် အီရန်ကသတ်မှတ်ပေးထားသော လမ်းကြောင်းမှသာ သွားရမည်ဖြစ်သည်ဟု အီရန်အစိုးရ ဘက်က ပြောထားသည်။ သို့သော် အီရန်က ကုန်တင်သင်္ဘောကိုတိုက်ခိုက်မှုသည် ကြိုတင်သတိပေးမှုမရှိဘဲ တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ထိုရေလက်ကြားတွင် သင်္ဘောများဘေးကင်းစွာသွားလာနိုင်ရေး ဆောင်ရွက်ပေး မည်ဟု အမေရိကန်ဘက်ကပြောထားသည်။