“အင်းစိန်ဗဟိုအကျဉ်းထောင်အား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး”
27 Junမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း နှင့် ကော်မရှင်အဖွဲ့ဝင်များက အင်းစိန်ဗဟိုအကျဉ်းထောင်အား ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ လိင်စိတ်ခံယူမှုကွဲပြားသူ အကျဉ်းသားများ အဆောင်၊ အကျဉ်းထောင်ဆေးရုံရှိ သက်ကြီးမသန်စွမ်း အကျဉ်းသားများအဆောင်၊ ဆေးကုသဆောင်များ၊ ဆေး သိုလှောင်ခန်း၊ ဓာတ်မှန်ခန်း၊ သွားရောဂါကုသဆောင်၊ တီဘီရောဂါကုသဆောင်၊ စာကြည့်တိုက်၊ သက်မွေးဝမ်းကျောင်း ပညာသင်ကြားသည့် အလုပ်ရုံ၊ ဓမ္မာရုံ၊ စားဖိုကြီး၊ ဂက်စ်မီးဖို၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်များ၊ သုံးရေကန်များ၊ အတွင်းအပြင်မိလ္လာများ သန့်ရှင်းမှု ရှိ၊ မရှိ၊ အကျဉ်းထောင်အတွင်း အကျဉ်းသားများအား သင်ကြားပို့ချပေးသည့် အခြေခံအရေးအဖတ်အတွက် သင်တန်း၊ Grade-9 မှ Grade-12 နှင့် တက္ကသိုလ်စာသင်နှစ်များအလိုက် စာပေ သင်ကြားပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့က အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင် စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစု လာရောက်တွေ့ဆုံနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ပေးမှု၊ အတန်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေမှုအခြေအနေ၊ အကျဉ်းသား၊ အကျဉ်းသူများအား အကျဉ်းထောင် ဝန်ထမ်းများက လည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိမှု အခြေအနေနှင့် ကော်မရှင်၏ အကြံပြုချက်များအပေါ် အကျဉ်းထောင်က အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကော်မရှင်နှင့် လွတ်လပ်စွာသီးခြား တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား၊ အကျဉ်းသူများ၏ တင်ပြချက်များကို မေးမြန်းမှတ်တမ်းတင်ကာ အကျဉ်းသား များ လေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသနှင့် ဘာသာရေးဆိုင်ရာ စာအုပ်စာပေများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)