“တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့/မြေမြှုပ် ဖျက်ဆီး”

27 Jun

တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိမူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖျက်ဆီးခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက်တွင် တစ်ပြိုင်နက်တည်းကျင်းပခဲ့ကြောင်း သိရပါတယ်။ ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဒဂုံဧရာ ကုန်တင်ယာဉ်ရပ်နားကွင်းနှင့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တိုင်းဒေသကြီးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားများတွင် ဘိန်း ၁,၀၆၆ ကီလိုခန့်၊ ဘိန်းဖြူ ၂,၂၄၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၁ သန်းကျော်၊ အိုက်စ် ၃၉,၇၀၈ ကီလိုခန့်၊ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၅၈ ကီလိုကျော်၊ ဘိန်းစာမှုန့် ၂၆၄ ကီလိုခန့်၊ ဆေးခြောက် ၁,၁၄၈ ကီလိုခန့်၊ ကတ်တမင်း ၈,၆၁၁ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၁၀ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂,၂၁၀ ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်) တို့အား ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။(NVS 004)

27 Jun

ADVERTISE HERE .