“ငါးနှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားဆောင်ရွက်မည်ဟုပြောကြား”
27 Junငါးနှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးကို ဇွန်လ ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်စဉ် နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက “ကွာဟမှုရှိနေတဲ့ နယ်မြေတွေ ကွာဟမှုမရှိအောင်လုပ်ပေးဖို့ ဒါကတော့ ကျွန်တော်တို့ မလွဲမသွေဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒီလိုလုပ်ဖို့ ဆိုရင်လဲ တည်ငြိမ်အေးချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရသစ်တာဝန်ယူတဲ့ အချိန်မှာ ကျွန်တော့်တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ ကျွန်တော် ငါးနှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ရက်ပေါင်း ၁၀ဝ နဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့အချိန်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။ အခုလဲထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ၊ တိုင်းရင်းသားလက်နက်ကိုင် ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေး အတွက် လာပြီးဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒါကိုထပ်ပြီးတော့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော် တို့က ရက်ပေါင်း ၁၀၀ စီမံချက်ထဲမှာထည့်ထားတာ။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည် ဖော်ဖို့ ပြောထားတာ။ သို့သော်လည်းပဲ တချို့ကျတော့လဲ ဒါကိုကြိုတင် ကန့်သတ်ချက်မရှိဘူးဆိုပြီးတော့ ရက် ၁၀၀ လို့ပြောထားတယ် ဆိုပြီးတော့ပြောကြတာ။ ရက် ၁၀၀ အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလဲ Precaution လို့ ယူဆ၊ စကားကို ပေါက်ပေါက်ရှာရှာပြောတယ်။ ဒါကတ်ပြီးတော့ လုပ်တာ။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ရောက်လာလိမ့်မယ်။ ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန်ဆွဲမှာ။ ကျွန်တော်ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်၊ လာပါ၊ ပြုပါဆိုတာ ကျွန်တော်တို့လုပ်လို့ရတယ်။ တကယ်လဲ ကျွန်တော်လုပ်ချင်ပါတယ်။ အခု ကျွန်တော်ရတဲ့ Channel တိုင်းကနေ ကျွန်တော်ရအောင် ကြိုးစားတယ်။ ကျွန်တော် ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲဘယ်လောက်ကုန်ကုန် ငါလုပ်မယ်လို့ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာ ခြေလှမ်းရှေ့တိုး တယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင်ထားတဲ့ ခြေလှမ်းနဲ့ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုန အချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့မြင်းလို တစ်ခါထဲဝုန်းဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုကမသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်။ အဲဒီ အတားအဆီးတွေက ပဋိပက္ခတွေပါ။ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က ဒါကိုပြတ်အောင်၊ ရှင်းအောင် လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်၊ EAO များကို ကျွန်တော်ပြောချင်တယ်။ တကယ်ငြိမ်းချမ်းရေး လိုချင်ရင်လာခဲ့ပါ။ ဘာကြိုတင်သတ်မှတ်ချက်မှ မရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်” ဟု ပြောကြားခဲ့ပါတယ်။ အဆိုပါအစည်းအဝေးသို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဒုတိယသမ္မတများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။(NVS 004)