“အစိုးရဝန်ထမ်းများ စမတ်ဖုန်းသုံးစွဲမှု အာဖဂန်တာလီဘန်အုပ်စု ပိတ်ပင်”

27 Jun

အစိုးရဝန်ထမ်းများ စမတ်ဖုန်းသုံးစွဲမှုကို အာဖဂန်တာလီဘန်အုပ်စုက တစ်နိုင်ငံလုံးအတိုင်းအတာအရ ပိတ်ပင်လိုက်ကြောင်း ဇွန်လ ၂၅ ရက်သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြ ထားသည်။ အာဖဂန်တာလီဘန်အုပ်စု၏ အဆိုပါပိတ်ပင်ချက်ကြောင့် သတင်းအချက်အလက် ရယူပိုင်ခွင့်များ ပို၍ ထိခိုက်ပျက်ပြားသွားနိုင်ကြောင်း လူ့အခွင့်အရေးအုပ်စုများက သတိပေးပြောကြားထားသည်။ တရားသူကြီးများ အပါအဝင် အရပ်ဘက်နှင့် စစ်ဘက်တာဝန်ရှိသူအားလုံး စမတ်ဖုန်းသုံးစွဲခွင့်ကို ဇွန်လ ၁၆ ရက်မှစ၍ ပိတ်ပင်ခဲ့ ကြောင်း အာဖဂန်တာလီဘန်အုပ်စု၏ ညွှန်ကြားချက်၌ ဖော်ပြထားသည်။ စမတ်ဖုန်းသုံးစွဲမှု ပိတ်ပင်ရေးညွှန်ကြားချက်ကို ဖောက်ဖျက်ပါက တရားဥပဒေအရအရေးယူမည် ဖြစ်ကြောင်း အာဖဂန်တာလီဘန်အုပ်စုက သတိပေးပြောကြားထားသည်။ အာဖဂန်တာလီဘန်အုပ်စု၏ စမတ်ဖုန်း သုံးစွဲမှု ပိတ်ပင်ချက်ကြောင့် လက်ရှိတွင် ရုံးလုပ်ငန်းများ ကမောက်ကမဖြစ်နေရကြောင်း အာဖဂန်အစိုးရဝန်ထမ်း များက ပြောကြားထားသည်။ အာဖဂန်တာလီဘန်အုပ်စုသည် အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် အများပြည်သူများ၏ နေ့စဉ်ဘဝကို ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်လာခဲ့ကြောင်း သိရသည်။

27 Jun

ADVERTISE HERE .