“ကမ္ဘောဒီးယားနှင့် လုံခြုံရေးမိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန်ဆန္ဒရှိကြောင်း တရုတ်သမ္မတပြောကြား”

27 Jun

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန် ဆန္ဒရှိ ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် နှင့် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင် က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများမှာ ရှုပ်ထွေးနေပြီး အပြောင်းအလဲများ ကြီးမားနေကြောင်း၊ သို့ဖြစ်ရာ တရုတ်နှင့် ကမ္ဘောဒီးယားတို့အနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် သုံးသပ်ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် အိမ်နီးချင်း အဓိကဒီပလိုမေစီအရ ကမ္ဘောဒီးယားနိုင်ငံကို ဦးစားပေးရမည့် နိုင်ငံအဖြစ် အမြဲတမ်းသတ်မှတ်ထားကြောင်း သိရသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမျိုးသားအချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရာတွင် ကမ္ဘောဒီးယားနိုင်ငံကို အမြဲတမ်းထောက်ခံအားပေး နေကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် သည် တရုတ်နိုင်ငံသို့ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်ထိ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံစဉ်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

27 Jun

ADVERTISE HERE .