“၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်မှာ ဘရာဇီးလ်နဲ့ ဂျပန် တို့ထပ်တိုက်တွေ့ဆုံနေ”

26 Jun

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်လို့အပြီးမှာ ၃၂ သင်းအဆင့်အတွက် ပွဲစဉ်များ ထပ်မံထွက်ပေါ်လာခဲ့ပြီး ဘရာဇီးလ်အသင်းနဲ့ ဂျပန်အသင်းတို့ ဆုံတွေ့ခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလ်က အုပ်စု(C)မှာ ပထမရရှိခဲ့ပြီး ဂျပန်အသင်းက အုပ်စု(F)မှာ ဒုတိယရရှိခဲ့တာကြောင့် ၃၂ သင်း အဆင့်မှာ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ ဂျပန်အသင်းက အုပ်စုတွင်းမှာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေနဲ့ ရှုံးပွဲမရှိအောင်ကစားပြီး ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ကို (၃)ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ၃၂ သင်းအဆင့်အတွက် ပွဲစဉ် ၄ ပွဲ ထွက်ပေါ်ခဲ့ပြီး ၎င်းပွဲစဉ်တွေကတော့ တောင်အာဖရိက - ကနေဒါ၊ ဘရာဇီးလ် - ဂျပန်၊ နယ်သာလန် - မော်ရိုကို၊ အမေရိကန် - ဘော့စနီးယားတို့ ဖြစ်ပါတယ်။ ၃၂ သင်း အဆင့်ပွဲစဉ်တွေကို ဇွန်လ ၂၈ မှာ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး တောင်အာဖရိက - ကနေဒါပွဲနဲ့ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဆွီဒင်၊ အီကွေဒေါနဲ့ ဘော့စနီးယားတို့က အုပ်စုတတိယနေရာသာ ရရှိခဲ့ကြပေမယ့် အကောင်းဆုံး အုပ်စုတတိယ ၈ သင်းထဲ ပါဝင်ဖို့ သေချာခဲ့တာကြောင့် ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ (NVS 008)

26 Jun

ADVERTISE HERE .