“ဗင်နီဇွဲလား၌ အင်အားပြင်းငလျင်ကြီးနှစ်ခုလှုပ်ခတ် လူထောင်ပေါင်းများစွာသေဆုံးဖွယ်ရှိ”
26 Jun
ဗင်နီဇွဲလားနိုင်ငံ ကရားကတ်မြို့၌ အင်အားပြင်းငလျင်ကြီးနှစ်ခုမှာ ရှေ့ဆင့်နောက်ဆင့်လှုပ်ခတ်မှုဖြစ်ပွား ရာ လူထောင်ပေါင်းများစွာသေဆုံးဖွယ်ရှိကြောင်း သိရသည်။ ဇွန်လ ၂၄ ရက်မွန်းလွဲပိုင်းတွင် ကရားကတ်မြို့၏ အနောက်ဘက် ကီလိုမီတာ ၁၆၀ အကွာကိုဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ဦးစွာ လှုပ်ခတ်ခြင်းဖြစ်သည်။ ယင်းနောက် အချိန်တစ်မိနစ်မကြာမီမှာပင် ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခြင်း ဖြစ်သည်။ လက်ရှိအချိန်အထိ သေဆုံးသူ ၁၆၄ ဦးရှိကြောင်းနှင့် လူ ၁,၀၀၀ နီးပါးမှာ ဒဏ်ရာ ရရှိထားကြောင်း ဗင်နီဇွဲလားယာယီသမ္မတ ဒဲစီရိုဒရီဂက် ကပြောသည်။ သို့သော် နေရာတိုင်းတွင် အပျက်အစီး များစွာ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရသည့်အတွက် အဆိုပါအပျက်အစီးများအောက်၌ ပိတ်မိနေသူများစွာ ကျန်ရှိ နေနိုင်ကြောင်းနှင့် သေဆုံးသူများစွာ ရှိနေနိုင်ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများကပြောသည်။ ငလျင်ဒဏ်ကို အဆိုးဆုံးခံစားရသည့်နေရာမှာ လာဂွေရာပြည်နယ်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ပြည်နယ်ကို သဘာဝဘေးဒဏ်သင့်ဒေသအဖြစ်သတ်မှတ်ထားကြောင်း ယာယီသမ္မတကပြောသည်။ ငလျင် လှုပ်ခတ်မှုဖြစ်ပွားချိန်၌ ပြည်သူများစွာသည် နေအိမ်များ၌ရှိနေသည့်အတွက် သေဆုံးသူများစွာ ရှိနေနိုင်ကြောင်း၊ ဇွန်လ ၂၅ ရက် နံနက်ပိုင်းအထိ နောက်ဆက်တွဲ ငလျင်အကြိမ်များစွာလှုပ်ခတ်ထားကြောင်း ဒေသတွင်း တာဝန်ရှိသူများ ကပြောသည်။ ထိုသို့ငလျင်လှုပ်ခတ်မှုဖြစ်ပွားသည့် ဗင်နီဇွဲလားနိုင်ငံသို့ နိုင်ငံတကာမှ အကူအညီ များပေးသွားမည် ဖြစ်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။