“ငလျင်ပျက်စီး အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည်”

26 Jun

ငလျင်ဒဏ်သင့်အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၆)ကို ဇွန်လ ၂၄ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့တဲ့ နိုင်ငံပိုင်ရုံးအဆောက်အဦများ၊ အထူးအဆောက်အဦများနှင့် နိုင်ငံ့ဝန်ထမ်း အိမ်ရာများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးစေရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းဆောင်ရွက်ရာမှာ ကြုံတွေ့ရနိုင်တဲ့ လုပ်ငန်းပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ရှိပါက သက်ဆိုင်ရာဌာနများနှင့် အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးတို့က အမှာစကားများ ပြောကြားခဲ့ကြပါတယ်။ ဆက်လက်၍ တက်ရောက်လာသူများက ငလျင်ကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များ၊ လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ တင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်မီပြီးစီးစေရေးအတွက် ဆက်လက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)

26 Jun

ADVERTISE HERE .