“နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူ ၂၄ ဦးကို တစ်ဦးချင်းတွေ့ဆုံ၍ အကဲဖြတ်ခြင်းဆောင်ရွက်ခဲ့”

26 Jun

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူ ၂၄ ဦးကို တစ်ဦးချင်းတွေ့ဆုံ လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ဆောင်ရွက် ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါလူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ဇွန်လ ၂၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာကျင်းပခဲ့ပြီး နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လူတွေ့မေးမြန်းအကဲဖြတ်ခံမည့် နိုင်ငံခြားသားများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ အဲဒီနောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့်ဗဟိုကော်မတီဝင်များက ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦး၊ ရင်းနှီးမြှုပ်နှံသူတစ်ဦး၊ မြန်မာနိုင်ငံသားဟောင်း ၁၅ ဦး၊ ၎င်းတို့နှင့် သွေးချင်းဆက်စပ်တဲ့ နိုင်ငံခြားသား ၇ ဦး စုစုပေါင်း ၂၄ ဦးကို တစ်ဦးချင်းတွေ့ဆုံကာ အကဲဖြတ် အတည်ပြုခြင်း၊ ပြန်လည်စိစစ်ရန် ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။ အခုလိုနိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်အတွက် လူတွေ့မေးမြန်းအကဲဖြတ်ခြင်းလုပ်ငန်း စိစစ်အတည်ပြု ပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများကို နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့်ကို နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ၎င်းတို့၏ သွေးချင်းဆက်စပ်နေသူများစတဲ့ အမျိုးအစား ၄ မျိုးခွဲခြားသတ်မှတ်ကာ နေထိုင်ဖို့ ခွင့်ပြုပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ (NVS 004)

26 Jun

ADVERTISE HERE .