“ချောင်းမကြီးဆည်မှ ပုဗ္ဗသီရိမြို့နယ်သို့ ရေကူပေးပို့တဲ့ ပိုက်လိုင်းကို အစားထိုးသွယ်တန်း”
26 Jun
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၏ သောက်သုံးရေပေးဝေရေးအတွက် ချောင်းမကြီးဆည်မှ ပုဗ္ဗသီရိမြို့သို့ ရေကူပေးပို့တဲ့ ပိုက်လိုင်းကို OD - 450mm HDPE ပိုက်ပေ ၉,၀၀၀ ကို အစားထိုးသွယ်တန်းလျက်ရှိပါတယ်။ အခုလိုအစားထိုးသွယ်တန်းခြင်းကို ဇွန်လ ၁၆ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်မှာ ပေ ၃,၀၀၀ ခန့် ဆောင်ရွက်ပြီးဖြစ်ကာ ဇူလိုင်လတတိယပတ်မှာ ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းအားလုံးရာနှုန်းပြည့် ပြီးစီးနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပိုက်လိုင်းသွယ်တန်းမှုပြီးစီးပါက ချောင်းမကြီးဆည်မှ ပုဗ္ဗသီရိမြို့သို့ ရေကူတင်ပို့မှု ကို ယခင်ထက်ပို၍ ရေအရည်အသွေးကောင်းမွန်သော ရေပေးပို့နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၁၆ လက်မ PVC ပိုက်လိုင်းဥတ္တရသီရိမြို့နယ်အပိုင်းမှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ပိုက်လိုင်းအတွင်း ရေဖိအားအများဆုံးနေရာဖြစ်တဲ့ ဥတ္တရသီရိမြို့နယ်အပိုင်းမှာ PVC ပိုက်အစား OD – 450 mm HDPE ပိုက် ပေ ၉,၀၀၀ အစားထိုးလဲလှယ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)