“မြစ်ကြီးနား-မိုးညှင်းရထားခရီးစဉ်အား လာမည့်ဇူလိုင်လအတွင်း ပြန်လည်ပြေးဆွဲနိုင်ရေး ရထားလမ်းပိုင်းနှင့် ဘူတာများ ပြုပြင်ဆောင်ရွက်”

24 Jun

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးညှင်းရထားခရီးစဥ်အား လာမည့်ဇူလိုင်လအတွင်း ပြန်လည်ပြေးဆွဲ နိုင်ရေးအတွက် မိုးညှင်းခရိုင်ရှိ ရထားလမ်းပိုင်းနှင့်ဘူတာများကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရပါတယ်။ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာရှိ နန်းမားဘူတာပြုပြင်ခြင်း၊ နန်းမားနှင့် မြို့သစ်ကလေး ဘူတာကြား မိုင်တိုင် ၆၄၂/၁၇ နှင့် ၆၄၂/၁၈ ရှိ တံတားအမှတ်(၆၁၁)ပျက်စီးနေမှုအား သံဘောင်ထည့်သွင်းခြင်း၊ ထောက်တိုင်ပြုလုပ်ထည့်သွင်းပြီး၊ ဇလီဖားလဲလှယ်ခြင်းနှင့် သံလမ်းခင်းခြင်းလုပ်ငန်းများကို ပြုပြင်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် တံတားချဉ်းကပ်သံလမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်များရှင်းလင်းခြင်း၊ နန်းမားနှင့် မြို့သစ်ကလေး ဘူတာကြား မိုင်တိုင် ၆၄၅/၁၀ နှင့် ၆၄၅/၁၁ ရှိ တံတားအမှတ်(၆၁၅)အား သံဘောင်နှင့်သံလမ်းခင်းခြင်း၊ ဟိုပင်မြို့၊ ဟိုပင်ဘူတာတွင် ရထားပြေးဆွဲချိန်အမီ ဥပဓိရုပ်ကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်ခြင်း၊ ကြာကြီးကွင်းကျေးရွာ ဆိုင်းဘုတ်အနီး ဟိုပင်နှင့် နန်းခွင်ဘူတာကြား တံတားအမှတ်(၆၂၇)၌ ရေလည်တိုင်ပြုပြင်ခြင်း၊ သံဘောင် ထည့်သွင်းခြင်း၊ တံတားချဉ်းကပ်သံလမ်းတစ်လျှောက် ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ထို့အတူ ဆားမှော်ဘူတာနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ဆောင်ခြင်း၊ မီးရထားပြေးဆွဲနိုင်ရေး အသင့် ပြုပြင်ပြင်ဆင်ခြင်း၊ ဘူတာအဝင်နှင့် အထွက်တို့ရှိ သံလမ်းများကျောက်ဖြည့်ခြင်း၊ ဇလီဖားများ မြှင့်တင်ခြင်းတို့ကို လည်း ပြုလုပ်လျက်ရှိပါတယ်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ဇွန်လ ၂၃ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့်တွေ့ဆုံ၍ ကချင်ပြည်နယ်အတွင်း မီးရထားအမြန်ဆုံးပြေးဆွဲ နိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုများနှင့် လာမည့်ဇူလိုင်လအတွင်း ပြေးဆွဲနိုင်ရေးစီစဉ်ထားမှုတို့ကို ရှင်းလင်းပြောကြား ပေးခဲ့ပါတယ်။ မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်းအား မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းပိုင်းပြုပြင်ခြင်းကို မတ်လ ၂၃ ရက်မှစတင်ကာပြုပြင်လျက်ရှိရာ မိုးညှင်း-မြစ်ကြီးနားခရီးမိုင် ၈၉ မိုင်အနက် မိုးကောင်း-မြစ်ကြီးနား ၃၆ ဒဿမ ၇၅ မိုင်မှာ ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိပြီး ကျန်ရှိသည့် မိုးကောင်းမှ မိုးညှင်းအထိ ၅၂ ဒဿမ ၂၅ မိုင်ရှိ လမ်းပိုင်းအတွင်း ဘူတာ ၄ ခုပြုပြင်ပြီး တံတားတိုင်များ၊ သံဘောင်ထည့်သွင်းခြင်းများကိုလည်း ပြုပြင်ဆောင်ရွက်ပြီး ဖြစ်ကြောင်းသိရပါတယ်။(NVS 004)

24 Jun

ADVERTISE HERE .