“တိုင်းပြည်သာယာဝပြောရေးအတွက် အားလုံးပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်လို”

24 Jun

တိုင်းပြည်သာယာဝပြောရေးအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် အားလုံးပူးပေါင်း၍ လုပ်ငန်းများအောင်မြင်မှုရှိစေရေးအတွက် ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားခဲ့ ပါတယ်။ ဇွန်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းများကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ ယခုလာမည့် ဘဏ္ဍာနှစ်အတွင်း ပညာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်မှု ကဏ္ဍများ အဆင့်မြှင့်တင်ခြင်းကို အလေးထားဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကုန်ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ အားနည်နေဆဲ ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ တို့ထံ တရားဝင်ခရီးစဉ်များသွားရောက်စဉ် ခရီးစဉ်များအတွင်း ပြည်ပ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှု များ ဆောင်ရွက်ခဲ့ခြင်းက မိမိတို့နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရေး ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းဖြင့် အလုပ်အကိုင်များရရှိမှာ ဖြစ်သလို ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ ရှိရင်းစွဲကုန်ထုတ်လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ် လုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့်သွင်းအားစုများရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီး များနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါတယ်။(NVS 004)

24 Jun

ADVERTISE HERE .